စစ်ကောင်စီက ကာကွယ်ရေးနှင့် ပြည်ထဲရေးဌာနတို့အတွက် ဒေါ်လာ ၂ ဘီလျံကျော်အထိ သုံးစွဲရန် လျာထား

ပြည်တွင်းပြည်ပကြွေးမြီ စုစုပေါင်း ဒေါ်လာ ၂၈ ဘီလျံအထိရှိနေသော်လည်း စစ်ကောင်စီက ကာကွယ်ရေးနှင့် ပြည်ထဲရေးဌာနတို့အတွက် အသုံးစရိတ် နှစ်ဆကျော်တိုးကာ ဒေါ်လာ ၂ ဘီလျံကျော်အထိ သုံးစွဲရန် လျာထားသည်။​

Published on Dec 7, 2022 Myanmar now
၂၀၁၈ ခုနှစ်အတွင်းက ဧရာဝတီတိုင်းတွင် ပြုလုပ်သည့် ပူးပေါင်း စစ်ဆင်ရေးလေ့ကျင့်ခန်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - EPA/EFE)

၂၀၁၈ ခုနှစ်အတွင်းက ဧရာဝတီတိုင်းတွင် ပြုလုပ်သည့် ပူးပေါင်း စစ်ဆင်ရေးလေ့ကျင့်ခန်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - EPA/EFE) 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်အသုံးစရိတ်နှင့် ပြည်တွင်းပြည်ပကြွေးမြီများ တိုးလာကြောင်း ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်သည့် စစ်ကောင်စီ၏ ၂၀၂၂ - ၂၃ ဘဏ္ဍာနှစ် ဘတ်ဂျက်လျာထားမှု ကိန်းဂဏန်းများအရ သိရသည်။

အာဏာမသိမ်းမီကပင် ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှေးကွေးကာ ပြည်ပချေးငွေ ပြန်လည်ပေးဆပ်နိုင်မှု လျော့ကျခဲ့ရာ စစ်ကောင်စီလက်ထက်တွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများထွက်ခွာခြင်းနှင့်အတူ တိုင်းပြည်စီးပွားရေး ယုတ်လျော့ကျဆင်းနေခြင်းကြောင့် ပြည်ပကြွေးမြီကိစ္စ ဆက်လက်ထိခိုက်နေမည်ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းထားချိန် ကမောက်ကမအခြေအနေများကြောင့် တိုင်းပြည်စီးပွားရေးအခြေအနေနှင့် စပ်လျဉ်းသည့် ကိန်းဂဏန်းများ အသေးစိတ်မသိရှိရသော်လည်း ပြည်ပကြွေးမြီပြဿနာမှာ မြန်မာနိုင်ငံအတွက် အကြီးအကျယ် ခြိမ်းခြောက်နိုင်ခြေရှိသည်။

သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတို့လက်ထက်တွင် ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ပြန်လည်ပေးဆပ်နိုင်ခဲ့ပြီး အဓိကအားဖြင့် တရုတ်ချေးငွေ အများဆုံးဖြစ်သည်။

အနောက်အုပ်စုနိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ကာလကြာရှည်ခံစားခဲ့ရသည့် အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ရေနံပိုက်လိုင်းတည်ဆောက်ရေး၊ ရေကာတာများတည်ဆောက် ရေးတို့အတွက် တရုတ်ချေးငွေ အများအပြား ရယူခဲ့သည့်နည်းတူ ဦးသိန်းစိန်လက်ထက်တွင်လည်း သမဝါယမလုပ်ငန်းအတွက် အတိုးနှုန်းမြင့်မားသည့် တရုတ်ချေးငွေ ဆက်ယူခဲ့သည်။

ဝန်ကြီးဌာနအလိုက် ချေးငွေအများဆုံးယူထားသည့် ဌာနများမှာ ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ဖြစ်သည်။​

ပြည်တွင်းပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးကို ၄၀ ရာခိုင်နှုန်းထက် မကျော်လွန်ရန် သတ်မှတ်ထားသော်လည်း ယခုအခါ ၅၅ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီဖြစ်သည်။

အာဏာမသိမ်းမီ ၂၀၁၆ မှ ၂၀၂၁ အထိ ကြွေးမြီနှင့် ဂျီဒီပီအချိုး ၂ မှ ၃ ရာခိုင်နှုန်းအထိသာ တက်ခဲ့သော်လည်း စစ်ကောင်စီလက်ထက် နှစ်နှစ်တာအတွင်း နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုနှင့် မသေချာမရေရာသော မူဝါဒများကြောင့် ၁၀ ရာခိုင်နှုန်းအထိ တက်လာသည်။ 

၂၀၁၉ - ၂၀ ဘဏ္ဍာနှစ်တွင် ကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ ၄၂ ဒသမ ၂၄ ရာခိုင်ရာနှုန်းရှိခဲ့ရာမှ အာဏာသိမ်းပြီးနောက် ၂၀၂၀ - ၂၁ ဘဏ္ဍာနှစ်တွင် ၅၅ ဒသမ ၀၃ ရာခိုင်နှုန်းအထိ ရောက်ရှိလာပြီး ပြည်တွင်းပြည်ပကြွေးမြီ စုစုပေါင်း ကျပ်ဘီလျံ ၅၉,၅၅၁ ဘီလျံရှိသည်။ လက်ရှိငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဖြင့် တွက်ချက်မည်ဆိုပါက ဒေါ်လာ ၂၈ ဘီလျံ ဖြစ်သည်။

နိုဝင်ဘာလလယ်ပိုင်းက နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့လက်ထက်တွင် ပြည်ပချေးငွေ ထပ်ယူခြင်းမရှိဘဲ ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော်ပင် ပြန်ဆပ်နိုင်ကြောင်း ဆိုသည်။

သို့သော် မည်သည့်နိုင်ငံမှ ကြွေးမြီကို ပြန်ဆပ်ခြင်းဖြစ်ကြောင်း၊ မည်သို့မည်ပုံ ပေးဆပ်နေကြောင်းကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။​

ယခင်အစိုးရနှစ်ဆက်တွင် နိုင်ငံခြားချေးငွေများဖြင့် စီးပွားရေးတိုးတက်အောင် လုပ်ခဲ့သော်လည်း ၎င်းတို့ လက်ထက်တွင် ပြည်ပချေးငွေ အားမကိုးကြောင်း၊ ပြည်ပသွင်းကုန်များထက် ပြည်တွင်းထုတ်ကုန်ကိုသာ အားပေးကြောင်း၊ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိကြောင်း အာဏာသိမ်းခေါင်းဆောင်က မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသည်။

အာဏာသိမ်းစစ်ဗိုလ်ချုပ်များက ထိုသို့ဆိုနေသော်လည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၂ - ၂၃ ဘတ်ဂျက်လျာထားမှုတွင် ဘဏ္ဍာငွေလိုအပ်ချက်အတွက် ပြည်ပချေးငွေ ကျပ်ဘီလျံ ၁၇၇၃ (ဒေါ်လာ ၁ ဘီလျံကျော်) ဖြည့်တင်းရန် ဖော်ပြထားသည်။​

အသုံးစရိတ်

အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း လက်နက်ကိုင်တော်လှန်ပုန်ကန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပြီး စစ်ကောင်စီ၏ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ အသုံးစရိတ်များ သိသိသာသာ မြင့်မားလာသည်ကို လေ့လာတွေ့ရှိရသည်။

စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ ကာကွယ်ရေးအသုံးစရိတ်မှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ကျပ်ဘီလျံ ၂၀၀၀ နီးပါးအထိ တိုးလာသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ အသုံးစရိတ်မှာ နှစ်ဆတက်ကာ ကျပ်ဘီလျံ နှစ်သောင်းခွဲကျော် တိုးလာသည်။

ပြီးခဲ့သည့် ၂၀၂၁ - ၂၂ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလျံ ၁,၇၄၆,၈၆၀ (ဒေါ်လာ ၁ ဘီလျံ) ရှိခဲ့ရာမှ လာမည့် ၂၀၂၂ - ၂၃ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၃,၇၀၃,၈၆၆ ဘီလျံ (ဒေါ်လာ ၂ ဘီလျံကျော်) အထိ တိုးမြှင့်သုံးစွဲရန် အာဏာသိမ်းစစ်တပ်က လျာထားသည်။

ပြည်ထဲရေးက နှစ်ဆကျော်အထိပင်ရှိသည်။​ ၂၀၂၁ - ၂၂ တွင် ကျပ်ဘီလျံ ၂၅၈,၆၁၀ (ဒေါ်လာ ၁၅၂ သန်း) ရှိခဲ့သော်လည်း ၂၀၂၂ - ၂၃ တွင် ၅၁၁,၂၁၉ (ဒေါ်လာသန်း ၃၀၀) အထိ သုံးစွဲရန် စစ်ကောင်စီက လျာထားသည်။ 

(မှတ်ချက် - ယခင်ဘဏ္ဍာနှစ်ဟောင်းများလည်း ပါဝင်သည့်အတွက် အမေရိကန်ဒေါ်လာတန်ဖိုးကို လက်ရှိ ငွေလဲလှယ်နှုန်းအရ တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ ခန့်ရှိသော်လည်း ကျပ် ၁၇၀၀ နှုန်းဖြင့်သာ တွက်ချက် ထားသည်။)

ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုကြောင့် ပြည်တွင်းစီးပွားရေးကျဆင်းနေမှု၊ နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုတို့အပြင် စစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်မှုများကြောင့် အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်ကို ပြည်သူလူထုရင်ဆိုင်နေရချိန် စစ်ကောင်စီက ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့များအတွက် အသုံးစရိတ်တိုးမြှင့်နေသည်။

စစ်အသုံးစရိတ် တိုးမြှင့်ခဲ့သော်လည်း ပြည်သူလူထုအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးဖြစ်သော ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အသုံးစရိတ်မှာမူ ထက်ဝက်ကျော် ကျဆင်းသွားသည်ကို စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ 

နိုင်ငံခြားသုံးငွေ ရှားပါးလာခြင်းနှင့်အတူ ဘဏ္ဍာငွေလိုအပ်ချက်မြင့်မားနေသည့်အတွက် စစ်ကောင်စီက ပြည်ပသွင်းကုန်များကို အဆုံးစွန်နီးပါး ကန့်သတ်ပိတ်ပင်ထားသည့်အပြင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ဘဏ်များအပေါ်လည်း အမျိုးမျိုးကန့်သတ်ချုပ်ချယ်ထားသည်။

ဘဏ္ဍာငွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှာ ယခင်က အတန်အသင့် ဝင်ငွေရရှိနေသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် အလွန်အမင်းကျဆင်းလာသည်။ 

နိုင်ငံပိုင်လုပ်ငန်းများ၏ ကျပ်ငွေအားဖြင့် ဝင်ငွေကျဆင်းမှုပမာဏမှာ ယခင် ၂၀၁၉ - ၂၀ တွင် ၇ ဒသမ ၁ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် ၃၀ ရာခိုင်နှုန်းအထိ ဖြစ်လာသည်ဟု ယခုနှစ် ဇူလိုင်လအတွင်းက ထုတ်ပြန်သော ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြသည်။ 

အရပ်သားအစိုးရလက်ထက်တွင် ပြည်ပအကူအညီများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ထောက်ပံ့မှုများ ရရှိခဲ့သော်လည်း အာဏာသိမ်း စစ်တပ်လက်ထက်တွင် ပြည်ပအကူအညီရငွေများ ရပ်တန့်သွားခဲ့သည်။​

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️