စစ်အာဏာသိမ်းမှုကြောင့် ဆုတ်ယုတ်မှုအတိုင်းအတာကြီးမားနေလို့ ကုလထောက်ပြ

 voanews

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ဖယ်ရှားပြီး စစ်တပ် အာဏာသိမ်းခဲ့တာ ၂ နှစ် ကြာလာချိန်မှာ တိုင်းပြည်တွင်း အကျပ်အတည်းတွေဟာ စဉ်းစားကြည့်လို့ မရနိုင်လောက်အောင် ဆိုးဝါးဆုတ်ယုတ်လာခဲ့တယ်လို့ UNOHCR လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Volker Türk က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ 

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းကစလို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသဖြင့် နယ်ပယ်စုံမှာ လူ့အခွင့်အရေး အခြေအနေတွေ သိသိသာသာ ဆိုးရွားလာခဲ့တယ်လို့ ကုလ မဟာမင်းကြီး Volker Türk က ဒီကနေ့ ကြေညာချက် ထုတ်ပြန်သတိပေးလိုက်တာပါ။ အကြမ်းဖက်မှုတွေ ဖြစ်လာရင် အရပ်သားတွေကို ကာကွယ်ပေးရမယ့် တာဝန်ရှိတဲ့ စစ်တပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ဆက်တိုက်ချိုးဖောက်နေတယ်လို့ ပြောပါတယ်။ 

အရပ်သား စစ်သား မခွဲခြားဘဲ အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး ရွာလုံးကျွတ်မီးရှို့တာ၊ နှိပ်စက်ညှင်းပမ်းတာ၊ တရားလက်လွတ် သတ်ဖြတ်တာ၊ ကုန်ကြောင်း လေကြောင်းတွေကနေ တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ကုလ မဟာမင်းကြီးက ပြောပါတယ်။ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေအရ စစ်တပ်နဲ့ သူတို့အပေါင်းအပါတွေရဲ့ လက်ချက်နဲ့ သေဆုံးရသူ ၂၈၉၀ ထက်မနည်း ရှိနေပြီး တကယ်တမ်း စစ်တပ်လက်ချက်နဲ့ သေဆုံးရတဲ့ အရပ်သားတွေဟာ အခုထက်ပို နိုင်တယ်လို့လည်း ပြောပါတယ်။ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးသူပေါင်း ၁.၂ သန်း ကျော်ရှိနေပြီး နိုင်ငံနယ်နိမိတ်ဖြတ်ကျော် ထွက်ပြေးရတဲ့ ဒုက္ခသည်က ၇ သောင်းကျော် ရှိတယ်လို့လည်း ပြောပါတယ်။

 မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့တောင်းဆိုတဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်တခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့လက တညီတညွတ်တည်း ချမှတ်နိုင်ခဲ့တာကိုလည်း ကုလမဟာမင်းကြီး Volker Türk က ပြန်လည်ထောက်ပြပြီး မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှုတွေ ရပ်တန့်အောင်၊ မြန်မာပြည်သူတွေကို ကာကွယ်ပေးနိုင်အောင်နဲ့ အခြေခံ လူ့အခွင့်အရေး လေးစား လိုက်နာမှုတွေ ရှိလာအောင် ကမ္ဘာကြီးက ဝိုင်းဝန်း ဖိအားပေးရမယ့်အချိန် ဖြစ်တယ်လို့လည်း ဒီကနေ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။ 

အာဏာသိမ်းအုပ်ချုပ်နေတာ ၂ နှစ်ရှိပြီဖြစ်တဲ့ စစ်ကောင်စီဟာ သူ့ ပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်နေဆဲ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လူထုဆက်ဆံရေးဌာနရဲ့ ShareAmerica အင်တာနက် စာမျက်နှာမှာ ဖေါ်ပြပါတယ်။ မြန်မာပြည်သူတွေ သူတို့ အနာဂတ်ကို သူတို့ ပုံဖေါ်နိုင်အောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဟိုးအရင်ထဲက ထောက်ခံအားပေးခဲ့တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ရဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့က ပေးပို့တဲ့ သဝဏ်လွှာပါ ရေးသားချက်ကိုလည်း ရန်ကုန် အမေရိကန် သံရုံး Twitter စာမျက်နှာမှာ ပြန်လည်ဖော်ပြထားပါတယ်။ 


 

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

စစ်တပ်နောက်မှာ တရုတ်ရှိလို့ ပြည်ပနိုင်ငံတွေ မကူညီရဲတာဆိုတဲ့ ဂျင်း

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်