မဲဆောက်မြို့က မြန်မာ CDM အများအပြား အခက်အခဲတွေ့
မဲဆောက်မြို့က မြန်မာ CDM အများအပြား အခက်အခဲတွေ့
တစ်ချိန်က တက္ကသိုလ်ကျောင်းဆရာတစ်ယောက်အနေနဲ့ ရပ်တည်ခဲ့တဲ့ အသက် ၅၀ ဝန်းကျင် ဆရာလင်းဟာ နယ်စပ်ဒုက္ခသည်မြို့လို့ တင်စားကြတဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကို ရောက်နေတာ တစ်နှစ်ကျော်ရှိနေပါပြီ။
စစ်အာဏာသိမ်းပြီးနောက် စစ်တပ်အောက်မှာ တာဝန်မထမ်းဆောင်နိုင်ဘူးဆိုပြီး ဝန်ထမ်းတွေ အာဏာဖီဆန်တဲ့ Civil Disobedience Movement (CDM) မှာ ဆရာလင်းလည်း ပါဝင်ခဲ့ပါတယ်။
“တက္ကသိုလ်ဆရာ၊ ဆရာမများ ကိုယ်စားပြုကော်မတီအနေနဲ့ သပိတ်မှာပါဝင်ခဲ့တယ်။ CDM မှာ ပါဝင်ဖို့ တိုက်တွန်းတာတွေ၊ ထောက်ပံ့တာတွေ လုပ်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ပုဒ်မ ၅၀၅ တပ်ခံရတဲ့အတွက် ကျွန်တော်လည်း မဲဆောက်ကို ရောက်လာတာ” လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ ဥပဒေအရ မြန်မာနိုင်ငံကနေ ခိုးဝင်လာရတာဖြစ်လို့ တရားမဝင်နေထိုင်သူတွေ ဖြစ်နေတာကြောင့် တရားဝင် အလုပ်လုပ်ခွင့် မရကြသလို တရားဝင် နေထိုင်ခွင့်တွေလည်း မရကြပါဘူး။
“ထိုင်းရဲ မြင်တာနဲ့ လန့်နေရတာ၊ အဖမ်းခံရပြီဆိုရင် ဒဏ်ငွေတပ်ခံရတယ်၊ ထောင်ချခံရတယ်၊ တချို့ဆို မြန်မာဘက်ကို ပြန်ပို့ခံရတာတွေလည်း ရှိတယ်” လို့ ဆရာလင်းက ပြောပါတယ်။
<ထောင်ကနေလွတ်ဖို့ လာဘ်ထိုးကြတာတွေလည်း ရှိတယ်။>
မဲဆောက်မြို့မှာ တန်းလျားတစ်ခုလို အခန်းတစ်ခန်းငှားဖို့အတွက် ဘတ် ၃၅၀၀ (မြန်မာငွေ ၃ သိန်း နီးပါး) ပေးရပြီး မိသားစု စားသောက်စရိတ် တစ်ရက် ဘတ် ၅၀၀ (မြန်မာငွေ ၄ သောင်း)လောက် ကုန်ကျနေပါတယ်။ တရားဝင် အလုပ်လုပ်ခွင့်မရှိတာကြောင့် ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတချို့ကို ထုခွဲရောင်းချပြီး စားသောက်နေရပါတယ်။
“မြန်မာနိုင်ငံမှာ သူ့ဘာသာသူ ဘာလုပ်လုပ် ထိုင်းကို တရားမဝင် ဝင်လာရင် ရွှေ့ပြောင်းအလုပ်သမားလို့ပဲ မြင်တယ်။ ရွှေ့ပြောင်းအလုပ်သမားလို့မြင်ရင် သူ့ရဲ့သဘောသဘာဝအတိုင်း စာရွက်စာတမ်း အကုန်အပြည့်အစုံလုပ်ရမယ်။ အကုန် အလုပ်ကြမ်းပဲ လုပ်ခွင့်ရတယ်။ ဈေးရောင်းမယ်ဆိုရင်တောင် ဈေးဆိုင်အကူပဲရမယ်၊ ကိုယ်ပိုင်ဆိုင် ဖွင့်ခွင့်မရှိဘူး” လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
စာရွက်စာတမ်းတွေ အပြည့်အစုံမရှိကြတဲ့ အတွက် သက်ဆိုင်ရာ ရဲတွေကို လိုင်းကြေးအနေနဲ့ ဘတ် ၃၅၀ (မြန်မာငွေ သုံးသောင်းနီးပါး) ပေးရတဲ့အကြောင်း၊ ဒ့ါအပြင် ထိုင်းအလုပ်ရှင်အများစုက တရားမဝင် အလုပ်သမားခိုင်းစေမှု ဥပဒေတွေကြောင့် အလုပ်မပေးချင်ကြတဲ့အကြောင်း၊ နေ့စဉ်ပုံမှန်သွားလာတဲ့အခါမှာလည်း ထိုင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ ထောက်လှမ်းရေး အပါအဝင် တခြားသော ထိုင်းအာဏာပိုင်တွေကို ငွေကြေးပေးရတာတွေရှိနေတယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။
နောက်ပြီး မဲဆောက်မှာ မြန်မာပြည်နဲ့ပတ်သက်ပြီး ဆန္ဒပြမှုလို နိုင်ငံရေးလှုပ်ရှားမှုတစ်ခုခု ပေါ်ပေါက်လာတဲ့အခါတွေမှာလည်း လုံခြုံရေးစစ်ဆေးမှုတွေ ရှိလာတာကြောင့် CDM တွေအပါအဝင် ကျန်တဲ့မြန်မာနိုင်ငံသားတွေပါ လုံခြုံရေးသတိ ပိုထားကြရပါတယ်။
“ပြောရမယ်ဆိုရင် ဘက်ပေါင်းစုံက မလုံခြုံဘူးပေါ့။ အသွားအလာ၊ အနေအထိုင် ၊ အစားအသောက်၊ အသက်ရှင်ရပ်တည် လှုပ်ရှားရုန်းကန်ရတာ အဆင်မပြေဘူး”လို့ ဦးမိုးကြိုးက ပြောပါတယ်။
အလုပ်လုပ်ကိုင်ခွင့်ကတ်ရဖို့၊ အလုပ်ရဖို့ ကြိုးစားတဲ့အခါတွေမှာလည်း ငွေကြေးလိမ်လည်တာတွေ ခံကြရသလို ငွေချေးတာတွေကြောင့် အချင်းချင်း လူမှုရေးပြဿနာတွေလည်း ရှိနေကြတာပါ။
CDM လုပ်လို့ အဖမ်းမခံရအောင် မဲဆောက်ကိုရောက်လာကြသူတွေထဲမှာ ဆရာလင်းတို့လို တက္ကသိုလ်ကျောင်းဆရာ၊ ရုံးဝန်ထမ်း၊ ကျောင်းဆရာတွေလည်း ပါဝင်ကြပါတယ်။ တချို့ ကျောင်းဆရာမတွေဆိုရင် အထည်ချုပ်လိုနေရာမျိုးတွေ၊ စက်ရုံအလုပ်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေလို့ အလုပ်ကြမ်းတွေအပါအဝင် ဈေးရောင်းတာမျိုးတွေအထိ ကိုယ့်ရဲ့ မူလအသက်မွေးဝမ်းကျောင်းအလုပ်ကို စွန့်လွှတ်ပြီး လုပ်ကိုင်နေကြရတာပါ။
ဈေးရောင်းမယ်ဆိုရင်တောင် ဈေးရောင်းခွင့်လက်မှတ်၊ နေထိုင်အလုပ်လုပ်ခွင့်လက်မှတ်တွေနဲ့ မြို့နယ်စည်ပင်သာယာရေးရုံးကို လျှောက်ရတယ်လို့ ဆိုပါတယ်။ အထောက်ထားတစ်ခုရဖို့ အနည်းဆုံးဘတ် ၁ သောင်း (မြန်မာငွေ ရှစ်သိန်း) လောက်ပေးရပါတယ်။
အထောက်ထားမရှိလို့ အဖမ်းခံရရင် ထိန်းသိမ်းရေးစခန်းမှာ ၃ ရက်လောက် အချုပ်ခံရပြီး ဘတ် ၅ ထောင်ကနေ တစ်သောင်းခွဲကြား ( မြန်မာငွေလေးသိန်းကျော်ကနေ ၁၂ သိန်းကျော်) အထိ ဒဏ်ငွေချမှတ်ခံရနိုင်ပါတယ်။
နိုင်ငံရေးအရ မဲဆောက်ကို တိမ်းရှောင်လာသူတွေနဲ့ ဒုက္ခသည်တွေအရေး ထုတ်ဖော်ဆော်သြပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Maesot Refugee Voice ကနေလည်း မြန်မာဒုက္ခသည်တွေနဲ့ပတ်သက်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို အရေးပေါ်တိုက်တွန်းချက်ဆိုပြီး ဇန်နဝါရီ ၂၉ မှာ ထုတ်ပြန်လာပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစလို့ အာဏာသိမ်းခံလိုက်ရတဲ့ မြန်မာနိုင်ငံကနေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေ၊ သတင်းမီဒီယာတွေ၊ CDM ကျောင်းဆရာ ဆရာမတွေ အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ အသက်ဘေးနဲ့ လုံခြုံရေးကြောင့် မဲဆောက်မြို့ကို ခိုလှုံနေရတဲ့အကြောင်း၊ မဲဆောက်မှာ ကိုယ့်အစီအစဥ်နဲ့ကိုယ် ပုန်းအောင်းနေထိုင်ကြရပြီး လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာအရ ရပ်တည်ခွင့်မရဘဲ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှု၊ ငွေကြေးတောင်းခံမှု၊ တရားစီရင်တာတွေကို ခံစားနေကြရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါ့ကြောင့် မြန်မာဒုက္ခသည်တွေရဲ့ အရေးကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လစ်လျူရှုနေဖို့ မသင့်ဘဲ နိုင်ငံတကာ အစိုးရအဖွဲ့တွေကိုဖြစ်ဖြစ်၊ ထိုင်းနိုင်ငံ အာဏာပိုင်တွေကိုဖြစ်ဖြစ် ကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့ တိုက်တွန်းထားတာပါ။
ဒီတိုက်တွန်းချက်ကို ဆရာလင်းတို့လို CDM တွေသာမက ဦးမိုးကြိုးတို့လို အလုပ်သမားအရေး ကူညီပေးနေသူတွေကပါ ထောက်ခံတယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ပြောပြတာကတော့ “Case တစ်ခုချင်းစီတော့ ဖြေရှင်းပေးနေတာရှိတယ်။ အလုပ်သမားအရေးဆို MOL (အလုပ်သမားဝန်ကြီးဌာန) ရော တစ်ခုချင်းစီအလိုက် ဖြေရှင်းပေးနေတာရှိတယ်ဗျ။ ပြေးလာသမျှ လူတွေအကုန်လုံးကို ပုံစံမျိုးစုံနဲ့ ရောက်လာကြတာဆိုတော့ စစ်ဘေးရှောင်ဆိုတဲ့ အခြေအနေနဲ့ သွားဖို့ရဖို့က (NUG) အစိုးရနဲ့ ထိုင်းအစိုးရတို့ ညှိနှိုင်းဆောင်ရွက်တဲ့ အဆင့်မှာပဲ ရှိသေးတယ်။ CDM တွေဆိုရင်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ လက်အောက်ဌာနတွေကနေ တာဝန်ယူထောက်ပံ့နေတာရှိတယ်။ ရှိသမျှ CDM တွေရဲ့ ၁၀ ရာခိုင်နှုန်းပဲ ထောက်ပံ့နိုင်သေးတယ်”လို့ ပြောပါတယ်။
တက္ကသိုလ်ကျောင်းဆရာဘဝကနေ မဲဆောက်ရောက် တရားမဝင်နေထိုင်ရတဲ့ အခြေအနေရောက်နေတဲ့ ဆရာလင်းကတော့ “ကျွန်တော်တို့က ထိုင်းနိုင်ငံကို တရားမဝင်ရောက်လာတာဆိုတော့ သူတို့နိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်ပြီးသားဖြစ်နေတယ်။ ဒီလိုမျိုး မဖြစ်သာလို့ ရောက်လာတဲ့ လူတွေကို သီးခြား စောင့်ရှောက်တဲ့ စီမံကိန်းမျိုး ချမှတ်ထားဖို့တော့ လိုအပ်မယ်ထင်တယ်၊ အမှန်တရားအတွက် ဆောင်ရွက်ခဲ့ကြတဲ့သူတွေကို လူ့ဂုဏ်သိက္ခာနဲ့ လျော်ညီတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်မယ်လို့ ပြောချင်ပါတယ်။’’
CDM တွေအပါအဝင် စစ်ကောင်စီတပ်တွေရဲ့ အဖမ်းဆီးခံရမယ့်ဘေးကနေ ထွက်ပြေးလာသူတွေအတွက် စုပေါင်းနေထိုင်နိုင်တဲ့ ရိပ်သာလိုနေရာမျိုးတွေ စီစဉ်ပေးတာ၊ တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရဖို့ အကူအညီတွေ လိုအပ်နေကြတာဖြစ်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
တက္ကသိုလ်ဆရာ ဆရာလင်းကတော့ သူလက်ရှိပိုင်ဆိုင်မှုတချို့ကို ရောင်းချပြီး ရလာတဲ့ ဝင်ငွေတစ်ခုကိုသာ ရပ်တည်နေရပြီး တခြားဝင်ငွေမရှိတဲ့အတွက် ငွေကြေးကျပ်တည်းမှုကို ရင်ဆိုင်နေရပါတယ်။
“တောင့်ခံနိုင်ဖို့ဆိုတော့ တော်တော်လေး ယိုင်ယိုင်နဲ့နဲ့ဖြစ်နေပါတယ်။ ရှေ့အလားအလာအတွက် မဟုတ်ဘဲနဲ့ လက်ရှိ ရှိနေတဲ့ အချိန်အတွင်းမှာပဲ ဘယ်လိုဖြတ်သန်းရမလဲ၊ ဘယ်လိုစရိတ်လျှော့ပြီး နေထိုင်စားသောက်ရမလဲ၊ ဒီလိုပဲ စီမံဆောင်ရွက်နေရတယ်” လို့ ဆရာလင်းက ပြောပါတယ်။
ဆရာလင်းလိုမျိုး အခြေအနေအမျိုးမျိုးကြောင့် စစ်ကောင်စီဖမ်းဆီးမှုကနေ ထွက်ပြေးလာတဲ့သူတွေဟာ နှစ်နှစ်အတွင်းမှာ ၆ သောင်းဝန်းကျင်ရှိနေပြီး မဲဆောက်မှာ ၅ သောင်းဝန်းကျင်၊ ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင် စတဲ့ ဒေသတွေမှာ ၁ သောင်းဝန်းကျင်ရှိတယ်လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ကနေ သိရပါတယ်။
Comments