Skip to main content

၈၈ က အမှားဟောင်း စစ်တပ် ဆက်မှားနေ

8 August 2022

ဧရာဝတီ

အယ်ဒီတာ့အာဘော်

၂၀၂၂ ခုနှစ် ဩဂုတ်လ  ရက်နေ့သည် ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုအုံကြွမှုကြီး ၃၄ နှစ်ပြည့်အထိမ်းအမှတ်နေ့ဖြစ်သည်။ ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦး​နေဝင်း၏ တပါတီအာဏာရှင်စနစ်ကိုမြန်မာနိုင်ငံတဝန်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မြို့ပြရော ကျေးလက်ပါ လူထုက လမ်းမများပေါ်ထွက်ပြီး ကန့်ကွက်ဆန္ဒပြကြခြင်းသည် ထိုအချိန်က သပိတ်မှောက် တက္ကသိုလ်ကျောင်းသားများအား လုံထိန်းရဲများက အင်အားသုံး အကြမ်းဖက်နှိမ်နင်းခဲ့မှုကို မခံမရပ်ဖြစ်ကြသောကြောင့်အပြင် နောက်ခံအထွေထွေ မကျေနပ်မှုကြောင့်လည်း ပါသည်။

ရှစ်လေးလုံးအရေးတော်ပုံသည် နှစ်ပေါင်းများစွာ အထီးကျန်ဆန်မှုနှင့် မှားယွင်းသော စီမံခန့်ခွဲမှုကြောင့် နိုင်ငံ့စီးပွားချွတ်ခြုံကျပြီး ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်ခဲ့ရမှုအပေါ် များစွာမှီတည်ခဲ့သည်။ ၁၉၆၂ ခုနှစ်စစ်တပ်အာဏာသိမ်းမှုမှ စတင်ခဲ့သော ၂၆ နှစ်ကြာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြောင့် နိုင်ငံ့စီးပွားရေးလုပ်ငန်းများပြိုပျက်သွားပြီး ဆင်းရဲမွဲတေမှု နက်ရှိုင်းကျယ်ပြန့်လာခဲ့ခြင်းက ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုအုံကြွမှုကို အခြေတည်ပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေး ဖိနှိပ်မှုနှင့်အတူ စီးပွားကျပ်တည်းမှုနှင့် ဂုဏ်သိက္ခာကျဆင်းရခြင်းတို့က မြန်မာပြည်သူတို့ကို ဒေါသူပုန်ထစေခဲ့သည်။

နိုင်ငံကို တံခါးပိတ်ပြီး အမိန့်ပေး စစ်အုပ်ချုပ်ရေးစနစ်သည် မှားယွင်းကြောင်းနှင့် တိုင်းပြည်ချွတ်ခြုံကျစေခြင်း၏အရင်းခံဖြစ်ကြောင်း စစ်ဘက်က မည်သည့်အခါကမျှ သင်ခဏ်းစာမယူခဲ့သည့်အပြင် ယခု စစ်တပ်သည် ဒီမိုကရေစီရေးနှင့် ဈေးကွက်စီးပွားရေး ဆီသို့ ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်ရန် ငြင်းဆန်ပြီး လူထုက ရွေးကောက်တင်မြှောက်ထားသော အစိုးရကို အာဏာသိမ်းပြီး နောက်ကြောင်းပြန်လှည့်ကာ ထိုအမှားကို ထပ်ကျူးလွန်နေပြန်သည်။

ယခု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အားကျနေသော ပြည်တွင်းဖူလုံရေးဟူသည် ဦးနေဝင်း၏တံခါးပိတ် အမိန့်ပေး ဆိုရှယ်လစ်စီးပွားရေးနှင့် ဘာမျှခြားနားခြင်း မရှိပေ။ ကုန်ပစ္စည်းရှားပါးမှု၊ မှောင်ခိုစနစ်၊အကျင့်ပျက်ခြစားမှုတို့သာ ကြီးမားကျယ်ပြန့်လာမည်။

ယခုပင် ပြည်ပမှ သွင်းကုန်များဖြစ်သည့် စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများသည် ရှားပါးသွားပြီး ဈေးကလည်း အထူးသဖြင့် ကျေးလက်တွင် ခေါင်ခိုက်နေပြီဖြစ်သည်။ ဝင်ငွေအလုံအလောက်မရှိဘဲ နိုင်ငံခြားအရန်ငွေ တတိတိ ကုန်ခမ်းလာခြင်းကို စစ်ကောင်စီ မည်မျှတောင့်ခံနိုင်မည်နည်း။ နိုင်ငံတွင် တင်ရှိနေသောအကြွေးများကို မဆပ်နိုင်တော့သော အခြေအနေ ရှေ့တွင် ကြုံတွေ့ရတော့မည်။

သို့ရာတွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရသူက မြန်မာသည် သီရိလင်္ကာကဲ့သို့ ဒေဝါလီ မခံဟု ပြောထားသည်။ယင်းသို့ ဆိုခြင်းမှာ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများထံမှ အကူအညီ ဘာမျှရနိုင်မည် မဟုတ်သည်ကို သိရှိထား၍လည်း ဖြစ်နိုင်သည်။ ထို့အပြင် တိုင်းပြည်စီးပွား ပြန်ထူထောင်ရေးထက် စစ်တပ်နှင့် ၎င်း၏ နောက်လိုက်များ အကျိုးစီးပွား မပျက်စီးရေးကို စစ်ကောင်စီက ပိုအလေးထားကြောင်း ဖော်ပြခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် မကြာသေးမီက ပြောကြားခဲ့သော မိန့်ခွန်းတခုတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နောက်  လတွင် တိုင်းပြည်စီးပွားပြန်လည်ဦးမော့လာမည်ဟု ပြောခြင်းမှာ ဖြစ်နိုင်ခြေ လုံးဝမရှိသည့်အပြင် ယင်းအစား မြန်မာသည် အပြိုပြိုအလဲလဲဖြင့် ကျရှုံးနိုင်ငံ တနိုင်ငံ A Failed State ဆီသို့ ပိုမိုနစ်ဝင်သွားပေလိမ့်မည်။ စစ်သားများတိုင်းပြည်စီးပွားတိုးတက်အောင် လုပ်နိုင်သည်ထက် တိုင်းပြည်စီးပွားပျက်အောင် ဖျက်တတ်သည်က သမိုင်းမှာအထင်အရှားရှိခဲ့ပြီး ဖြစ်လေသည်။ ။

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ