အမေရိကန်၊ တရုတ်နှင့် နွေဦးတော်လှန်ရေး

 


သက်ထားမောင်
24 February 2023 

၂ နှစ်နီးပါး ကြာမြင့်လာသည့်အခါ မြန်မာလူထု၏ ရုန်းကန်မှု၊ စွန့်လွှတ်စွန့်စားမှုတို့နှင့်အတူ နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်ကို အမေရိကန်က အသိမှတ်ပြုလာခဲ့သည်

လက်ရှိမြန်မာ့နိုင်ငံရေးတွင် အရေးပါသည့် နိုင်ငံ‌ကြီးများဟု ညွှန်းဆိုရလျှင် အမေရိကန်၊ တရုတ်နှင့် ရုရှားတို့ ဖြစ်၏။ ရုရှားကမူ မြန်မာစစ်တပ်ဘက်က ရပ်တည်သူဖြစ်သဖြင့် နွေဦးတော်လှန်ရေး အင်အားစုများအတွက် ဆန့်ကျင်ဘက်က ရပ်တည်သည့် နိုင်ငံကြီးဖြစ်၏။ နွေဦးတော်လှန်ရေးနှင့် မြန်မာလူထုအတွက် အရေးပါသည်ကတော့ အမေရိကန်နှင့် တရုတ်ဟုဆိုရမည်။

စစ်တပ်အာဏာသိမ်းပြီးသည့် နောက်ပိုင်းတွင် အမေရိကန်က နွေဦးတော်လှန်ရေး အင်အားစုများကို တက်တက်ကြွကြွ ထောက်ခံ၏။ တရုတ်က ပြတ်ပြတ်သားသား တဘက်ဘက်က ရပ်တည်သည့် ရပ်တည်ချက်မပြခဲ့ပေ။ စစ်ကောင်စီကို အကြိုက်ကြီး ဟုတ်လှပုံမပေါ်သော်လည်း နွေဦးတော်လှန်ရေး အစပိုင်းတွင် တွေ့ရသည့် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့နှင့် တွဲ၍လှုပ်ရှားသည့် Milk Tea Alliance လှုပ်ရှားမှုများကြောင့် သတိကြီးကြီးထားကာ ခပ်မဆိတ်နေပြီး မြန်မာပြည်အခြေအနေကို စောင့်ကြည့်နေပုံရ၏။ သို့သော် အာဏာသိမ်းမှု ၂ နှစ်တင်းတင်းပြည့်သောအခါ အမေရိကန်နှင့် တရုတ်၏ ရပ်တည်ချက်များ၊ ခြေလှမ်းများကို ရှင်းလင်းစွာ မြင်တွေ့လာရ၏။

    အာဏာသိမ်းမှု ၂ နှစ်တင်းတင်းပြည့်သောအခါ အမေရိကန်နှင့် တရုတ်၏ ရပ်တည်ချက်များ၊ ခြေလှမ်းများကို ရှင်းလင်းစွာ မြင်တွေ့လာရ၏။

အမေရိကန်တို့သည် စစ်တပ်အာဏာသိမ်းပြီးကတည်းက နွေဦးတော်လှန်ရေးကို ထောက်ခံသည် ဆိုသော်ငြားလည်း လက်တွေ့ထောက်ခံမှုက အားနည်းခဲ့၏။ နိုင်ငံရေးအရ အဖမ်းဆီးခံရသူများအား အကာအကွယ်ပေးခြင်း၊ ပြည်ပထွက်ခွာ ခိုလှုံခွင့်ပြုခြင်းတို့၌သာ လက်တွေ့အကူအညီအချို့ ရှိခဲ့ပြီး ကျန်အပိုင်းများတွင်လည်း လက်တွေ့ကူညီမှု အားနည်းခဲ့ကာ စိတ်ဓာတ်ရေးရာ ကူညီမှုပေးသည်ကိုသာ တွေ့ရ၏။ တချိန်တည်းတွင် မြန်မာလူထု၏ လက်တွေ့ရုန်းကန်မှု အခြေအနေနှင့် မြန်မာစစ်တပ်၏ ထိန်းချုပ်နိုင်စွမ်းကိုလည်း စောင့်ကြည့်ပုံရသည်။

NUG ဝန်ကြီးတဦးပြောသကဲ့သို့ “အမေ အဖမ်းခံရလို့ ထိုင်ငိုသော ကလေးများလေလား” ဟု စောင့်ကြည့်နေပုံရ၏။ သို့သော် ၂ နှစ်နီးပါး ကြာမြင့်လာသည့်အခါ မြန်မာလူထု၏ ရုန်းကန်မှု၊ စွန့်လွှတ်စွန့်စားမှုတို့နှင့်အတူ နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်ကို အမေရိကန်က အသိမှတ်ပြုလာခဲ့သည်ကို တွေ့ရ၏။ ထိုသို့ အသိမှတ်ပြုမှုနှင့်အတူ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမေရိကန်အမျိုးသားလုံခြုံရေး အက်ဥပဒေတွင် Burma Act ပါဝင်လာသကဲ့သို့ မြန်မာအရေးနှင့် ပတ်သက်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်လည်း ထွက်ပေါ်လာခဲ့၏။

ထို့အတူ မြန်မာလူထုအား အကူအညီပေးရေးနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ကျယ်ကျယ်လောင်လောင် ပြောဆိုလာသည်ကို တွေ့ရသကဲ့သို့ အမေရိကန်တို့ဘက်မှ အကူအညီပေးရေးနှင့် ပတ်သက်ပြီး NUG နှင့်အတူ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား ထိတွေ့ဆက်ဆံမည်ဟူသည့် သတင်းစကားများ ကြားသိရပြီး လက်တွေ့လည်း စတင်ဆက်ဆံလာ၏။ အမေရိကန်တို့အနေနှင့် NUG, EAO နှင့် မြန်မာပြည်လူထုအား လူကိုသေစေနိုင်သည့် လက်နက်မဟုတ်သော အကူအညီများ ပေးမည်ဆိုပါသည်။

တချိန်တည်းတွင် မြန်မာပြည်၌ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများစွာ၊ ကုန်သွယ်မှုများစွာ ရှိသည့်အပြင် မြန်မာပြည်ကို စီးပွားရေးအရ သေနင်္ဂဗျူဟာအမြင်ထားရှိသည့် တရုတ်သည် တနှစ်ခန့်အကြာတွင်မူ မြန်မာပြည် အခြေအနေသည် တဖက်ဖက်က အသာမရဘဲ နှစ်ဖက်လွန်ဆွဲနေဆဲ အခြေအနေတွင်ရှိသည်ဟူသည့် သုံးသပ်ချက်ချသည်ကို တွေ့ရသည်။ မြန်မာပြည်ရှိ တရုတ်သံအမတ်သည် ပုံမှန်သံတမန်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသော်လည်း တရုတ်အစိုးရ ထိပ်တန်းခေါင်းဆောင်များသည် စစ်ကောင်စီနှင့် အဆက်အဆံ မလုပ်ကြပေ။

    မြန်မာပြည်ရှိ တရုတ်သံအမတ်သည် ပုံမှန်သံတမန်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသော်လည်း တရုတ်အစိုးရ ထိပ်တန်းခေါင်းဆောင်များသည် စစ်ကောင်စီနှင့် အဆက်အဆံ မလုပ်ကြပေ။

၂၀၂၁ ခုနှစ်အတွင်း တရုတ်သံတမန် ဆွန်ကော့ရှန်ကို စေလွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံ၍ နှစ်ဖက်ညှိနိုင်းရန် ကြိုးစားမှုအား မြန်မာစစ်တပ်က ပယ်ချပြီးနောက် တရုတ်နှင့် မြန်မာစစ်ကောင်စီကြား ဆက်ဆံရေး ပိုမိုအေးစက်သွားသည်ကို တွေ့ရ၏။ မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မြောက်ပိုင်းရှိ တိုင်းရင်းသားအဖွဲ့အစည်းများ ပါဝင်ရေးကို ပြီးခဲ့သော ငါးနှစ်အတွင်း တိုက်တိုက်တွန်းတွန်း ရှိခဲ့သော တရုတ်သည် ၂၀၂၂ ခုနှစ် စစ်ကောင်စီခေါင်းဆောင်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့် ပတ်သက်၍ တုံဏှိဘာဝေနေသည်ကို တွေ့ရသည်။

သို့သော်လည်း အမေရိကန်၏ မြန်မာပြည်နှင့်ပတ်သက်သည့် ဥပဒေထွက်လာသည့်အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ထွက်လာပြီးသည့်နောက် တရုတ်တို့ လှုပ်ရှားလာသည်ကို တွေ့ရ၏။ တရုတ်အထူးကိုယ်စားလှယ်သစ်အဖြစ် မစ္စတာ တိန့်ရှီကျွန်းကို ခန့်အပ်ပြီး မြန်မြန်ဆန်ဆန် လှုပ်ရှားလာသည်ကို တွေ့ရ၏။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် မစ္စတာ တိန့်ရှီကျွန်းသည် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့အား နယ်စပ်တလျှောက် လိုက်လံတွေ့ဆုံပြီးနောက် နေပြည်တော်သို့ လာရောက်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လာရောက်တွေ့ဆုံခဲ့၏။ သတင်းအသေးစိတ် မထုတ်ပြန်‌ခဲ့သော်လည်း မြန်မာ့အရေး ဖြေရှင်းရေးနှင့် ပတ်သက်ပြီး တရုတ်တို့သဘောထားကို လာရောက်ပြောဆိုပုံရသည်ဟု သိရ၏။ သို့သော်လည်း တရုတ်သဘောထားကို စစ်ကောင်စီခေါင်းဆောင်အနေနှင့် သဘောတွေ့ပုံမရဟု နိုင်ငံ‌ရေးအသိုင်းအဝိုင်းက ဆိုကြ၏။

စစ်ကောင်စီနှင့် ပတ်သက်၍ တရုတ်တို့ရပ်တည်ချက်မှာ အမေရိကန်ကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုမရှိသော်လည်း တစုံတရာ ဖိအားပေးရန် လိုအပ်သည်ဟု စဉ်းစားပုံရ၏။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး တရုတ်တို့ ဗီတိုအာဏာမသုံးခဲ့ပေ။ တရုတ်နှင့်ဆက်စပ်ပြီး ကြီးမားသော အကျိုးစီးပွားရှိသည့် ရုရှားကလည်း မြန်မာအ‌ရေးနှင့် ပတ်သက်၍ တရုတ်ကို ကျော်လွန်ရန် ဆန္ဒရှိပုံမရပေ။

သို့သော်လည်း ရုရှားဘက် အလွန်ယိမ်းသွားသော စစ်ကောင်စီသည် တရုတ်နှင့်ဆက်ဆံရေး ပြန်လည်တည့်မတ်ရန်အတွက် ကြိုးစားလာသည်ကို တွေ့ရ၏။ ၂၀၂၃ ခုနှစ် နှစ်ဆန်းတွင် ရန်ကုန်မြို့၌ တရုတ်သံရုံးက ကြီးမှူးကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲတော်သို့ စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်ခဲ့ပြီး မြန်မာပြည်သည် တရုတ်၏ အိမ်နီးချင်းကောင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်ကို တွေ့ရသည်။ စစ်ကောင်စီထုတ် သတင်းစာများတွင် တရုတ်နှစ်သစ်ကူး တက်ရောက်သည့် စစ်ကောင်စီခေါင်းဆောင်၏ သတင်းကို မျက်နှာဖုံးတွင် ဖော်ပြခဲ့၏။ သို့သော် တရုတ်သံရုံးက ထုတ်ပြန်သည့် သတင်းစာမျက်နှာတွင် အတွင်းပုံ ၂ ပုံသာ သာမန်အားဖြင့် ဖော်ပြခဲ့ပြီးရှေ့တန်းတင် ဦးစားပေးမှု မတွေ့ခဲ့ရပေ။

    စစ်ကောင်စီထုတ် သတင်းစာများတွင် တရုတ်နှစ်သစ်ကူး တက်ရောက်သည့် စစ်ကောင်စီခေါင်းဆောင်၏ သတင်းကို မျက်နှာဖုံးတွင် ဖော်ပြခဲ့၏။ သို့သော် တရုတ်သံရုံးက ထုတ်ပြန်သည့် သတင်းစာမျက်နှာတွင် အတွင်းပုံ ၂ ပုံသာ သာမန်အားဖြင့် ဖော်ပြခဲ့ပြီးရှေ့တန်းတင် ဦးစားပေးမှု မတွေ့ခဲ့ရပေ။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း အမေရိကန်သည် မြန်မာပြည်ကူညီရေးနှင့် ပတ်သက်ပြီး လက်တွေ့ကျသည့်ခြေလှမ်းများ လှမ်းလာ၏။ NUG+EAO အဖွဲ့များနှင့် တွေ့ဆုံရေး စတင်လာ၏။ စစ်ဘေးဒုက္ခသည်များအား ကူညီရေးအစီအမံများ စတင်လာသကဲ့သို့ အကူအညီပေးမည့် ပမာဏကိုလည်း တိုးမြှင့်လာခဲ့၏။

သို့သော် မြန်မာပြည်အကူအညီပေးရေးနှင့် ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေး တာဝန်ရှိသူများက တရုတ်တို့ စိုးရိမ်ပူပန်မှုရှိမည်ကို သတိထားသည်ဟု ဝါရှင်တန်ရှိ သတင်းအရင်းအမြစ်များက ဆို၏။ ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်တွင် တရုတ်တို့နှင့် တင်းမာမှုမြင့်တက်နေသော အမေရိကန်ကာကွယ်ရေး တာဝန်ရှိသူများအနေနှင့် ဘင်္ဂလားပင်လယ်အော်တွင် နောက်ထပ် စစ်မျက်နှာဖွင့်လိုပုံ မရပေ။

တချိန်တည်းတွင် တရုတ်သံတမန် မစ္စတာ တိန့်ရှီကျွန်းသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင် တရုတ်နယ်စပ်ရှိ မြောက်ပိုင်းတိုင်းရင်းသား တပ်ဖွဲ့များနှင့် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံပြန်၏။ ပထမအကြိမ်က တရုတ်ပြည်ဘက်ရှိ နယ်စပ်မြို့တွင်သာ တွေ့ဆုံခဲ့သော်လည်း ယခုအကြိမ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့၏ ဌာနချုပ်များသို့ သွားရောက်တွေ့ဆုံခဲ့၏။ ထို့ပြင် ဤအကြိမ်၏ ထူးခြားချက်မှာ မစ္စတာ တိန့်ရှီကျွန်းသည် EAO ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသည် သာမကဘဲ စစ်ဘေးဒုက္ခသည်စခန်းများ (IDP Camps) များကိုပါ လိုက်လံကြည့်ရှုသည်ဟုဆိုသည်။

    ဤအကြိမ်၏ ထူးခြားချက်မှာ မစ္စတာ တိန့်ရှီကျွန်းသည် EAO ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသည် သာမကဘဲ စစ်ဘေးဒုက္ခသည်စခန်းများ (IDP Camps) များကိုပါ လိုက်လံကြည့်ရှုသည်ဟုဆိုသည်။

ယခင်က တရုတ်တို့အနေနှင့် စစ်ဘေးဒုက္ခသည်များအား စိတ်ဝင်စားခြင်း၊ အကူအညီပေးခြင်းတို့နှင့် ပတ်သက်၍ မရှိသလောက် ရှားပါးသည်။ သူ၏ တိုင်းပြည်တွင်း ဝင်ရောက်သည့် စစ်ဘေးဒုက္ခသည်များကို လက်မခံဘဲ မောင်းထုတ်ခဲ့သည်အပြင် မည်သည့်အကူအညီမှ ပေးသည်ကို မတွေ့ရပေ။ ဤအကြိမ် တရုတ် အထူးကိုယ်စားလှယ်သစ်နှင့်အတူ တွေ့ရသည့်ထူးခြားချက် ဖြစ်၏။ ထို့ပြင် တရုတ် အထူးကိုယ်စားလှယ်သစ် ခန့်အပ်ပြီး ၂ လမပြည့်မီ မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဒုတိယအကြိမ် တွေ့ဆုံခြင်းလည်းဖြစ်၏။ ရှေ့တွင်လည်း တရုတ်အထူးသံ၏ ခြေလှမ်းများကို ဆက်တိုက် တွေ့မြင်ရနိုင်၏။

အမေရိကန်က NUG+EAO များကို တွေ့ဆုံပြီး စစ်ဘေးသင့် မြန်မာလူထုကို ကူညီမည်ဟု ဆိုလာချိန်တွင် တွေ့ရသည့်အချက်ဖြစ်ရာ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပေ။ တရုတ်နယ်စပ်သို့ အမေရိကန်အကူအညီနှင့် အမေရိကန်ဩဇာ အရောက်မခံနိုင်ဘဲ စစ်ဘေးသင့်လူထုကို တရုတ်တို့ကူညီပြီး နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပို၍နီးနီးကပ်ကပ် ဆက်ဆံရန် ခြေလှမ်းသစ်တလှမ်း လှမ်းလိုက်ပုံရ၏။

ထို့ပြင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်မှစသည့် အချိန်တိုအတွင်း ပြုလုပ်ခဲ့သော တရုတ်အထူးသံတမန်၏ ခြေလှမ်းများဖြစ်၏။ တရုတ်တို့အနေနှင့် ၎င်းတို့ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကြိုတင်ထုတ်ဖော်ထားခြင်းမရှိရာ တရုတ်တို့၏ ခြေလှမ်းများကို ဆက်လက် စောင့်ကြည့်ရန် လိုအပ်၏။

မြန်မာပြည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတွင် တရုတ်နယ်စပ်တလျှောက် ရပ်တည်နေသည့် အဖွဲ့များရှိသကဲ့သို့ ထိုင်းနယ်စပ်တလျှောက် ရပ်တည်နေရသည့် အဖွဲ့များလည်းရှိ၏။ တရုတ်နယ်စပ်ရှိ အဖွဲ့များသည် တရုတ်နှင့် နီးစပ်သကဲ့သို့ တရုတ်ကလည်း ထိုအဖွဲ့များကို နီးနီးကပ်ကပ် ဆက်ဆံ၏။ ထိုင်းနယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့ အများစုက အမေရိကန်နှင့် နီးစပ်မှုရှိ၏။ နွေဦးတော်လှန်ရေးတွက် ပေါ်ထွက်လာသော လက်နက်ကိုင်အင်အားစုများကမူ မြောက်ပိုင်းရော တောင်ပိုင်းတွင်ပါ ရှိ၏။ မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့်ရော တောင်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပါ ဆက်စပ်မှုရှိနေ၏။

အမေရိကန်ရော တရုတ်ပါ နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ဩဇာတည်ဆောက်ရန် ကြိုးစားနေကြသည်သာ ဖြစ်၏။ ထို့အတူ နယ်စပ်တလျှောက် အခြေပြုလှုပ်ရှားနေကြသော တိုင်းရင်းသားလက်နက်ကိုင်များ အနေနှင့်လည်း မိမိအခြေပြုရာ နယ်စပ်ရှိ နိုင်ငံများနှင့်ကင်း၍မရ၊ မပတ်သက်ချင်၍မရပေ။ ဤသို့သော အခြေအနေသည် တိုင်းရင်းသားလက်နက်ကိုင်တဖွဲ့ချင်း ရပ်တည်မှုအတွက် ရွေးချယ်ရန်လွယ်ကူသော်လည်း စစ်ကောင်စီအား တိုက်ခိုက်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းရေး စုစည်းရာတွင်လည်းကောင်း၊ မြောက်ပိုင်းရော တောင်ပိုင်းပါ ဆက်နွယ်နေသည့် ပြည်မဒီမိုကရေစီ လက်နက်ကိုင်အင်အားစုများ အတွက်လည်းကောင်း အတိမ်းအစောင်းမခံသည့် ပုစ္ဆာတပုဒ်ဖြစ်နေ၏။

    အမေရိကန်ရော တရုတ်ပါ နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ဩဇာတည်ဆောက်ရန် ကြိုးစားနေကြသည်သာ ဖြစ်၏။ ထို့အတူ နယ်စပ်တလျှောက် အခြေပြုလှုပ်ရှားနေကြသော တိုင်းရင်းသားလက်နက်ကိုင်များ အနေနှင့်လည်း မိမိအခြေပြုရာ နယ်စပ်ရှိ နိုင်ငံများနှင့်ကင်း၍မရ၊ မပတ်သက်ချင်၍မရပေ။

အဘယ်ကြောင့်ဆိုသော် အမေရိကန်နှင့် တရုတ်ကြား ထိုင်ဝမ်ပြဿနာ၊ တောင်တရုတ်ပင်လယ်ပြဿနာတို့နှင့် ပတ်သက်၍ တင်းမာမှုများ မြင့်တက်နေသည့်အပြင် အမေရိကန် ကောင်းကင်ယံတွင် တွေ့ရသည့် တရုတ်မိုးပျံပူဖောင်းကို အမေရိကန်က ပစ်ချပြီးနောက် တင်းမာမှု ပို၍မြင့်တက်နေသည့်ကာလ ဖြစ်သည်။

သို့ဖြစ်ရာ နွေဦးတော်လှန်ရေးနှင့် မြန်မာလူထုသည် အမေရိကန်နှင့် တရုတ် အင်အားကြီးနိုင်ငံနှစ်ခု၏ အားပြိုင်မှုကြားတွင် ရောက်နေသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။ တောင်ပိုင်းရှိ လူထုအား အမေရိကန်ကကူ၊ မြောက်ပိုင်းရှိ လူထုအား တရုတ်ကကူညီဟု ရိုးရိုးသာ တွက်ချက်၍ရနိုင်ပါက ပြဿနာမကြီးလှပေ။ ပြဿနာကား ဤမျှလောက် ရိုးစင်းနိုင်ဖွယ်ရာ မရှိပေ။ မည်သို့ပင်ဖြစ်စေ မြန်မာပြည်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် မြန်မာပြည်လူထုသည် ပြိုင်ဆိုင်မှု အားကြီးသော နိုင်ငံကြီးနှစ်ခုကြားတွင် ရောက်နေသည်ကတော့ ပကတိတရား ဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံငယ်များအတွက် ဘက်မလိုက်ဝါဒ၊ ကြားနေရေးဝါဒသည် သင့်လျော်သည်ဟု ဆိုကြခြင်းဖြစ်၏။

မြန်မာလူထု၏ လက်နက်ကိုင်ခုခံစစ်ပွဲနှင့်အတူ လိမ္မာပါးနပ်သော၊ ပျော့ပျောင်းသော နိုင်ငံခြားရေးရာပေါ်လစီနှင့် သံတမန်ရေးရာ ကျွမ်းကျင်မှုသည်လည်း နွေဦးတော်လှန်ရေးတွင် လိုအပ်ပေလိမ့်မည်။

သက်ထားမောင်သည် မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည်။

Comments

Popular posts from this blog

UNHCR ဘယ်လိုလျှောက်ကြမလဲ