ပလပ်စတစ်ကောက်သူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်နက်ကိုင်များက အနီးကပ်ပစ်သတ်ခဲ့သည်။

လှိုင်သာယာမြို့နယ်တွင် မတ် ၁၅ ရက်က ပလပ်စတစ်ကောက်သူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်နက်ကိုင်များက အနီးကပ်ပစ်သတ်ခဲ့သည်။ "ကော်ကောက်တဲ့ အဖိုးကြီးကို နားထင်မှာ တေ့ပစ်သွားတယ်။ တစ်ခါတည်းအသက်ပါပါသွားတယ်" ဟု မြို့ခံတစ်ဦးက ယမန်နေ့တွင် ပြောသည်။ လှိုင်သာယာမြို့နယ် အမှတ် (၃) ရပ်ကွက် တစ်ပင်ရွှေထီးလမ်းမကြီးဘေးတွင်လည်း စစ်ကောင်စီ လက်နက်ကိုင် များက လမ်းပေါ်နေ၍ ပစ်ခတ်သွားသဖြင့် အိမ်ထဲတွင် ထိုင်နေသူ အသက် ၆၀ ဝန်းကျင် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်ဟုလည်း အထက်ပါမြို့ခံက ပြောသည်။ အဆိုပါ အမျိုးသမီးနှစ်ယောက်၏ ရုပ်အလောင်းကို ဆေးရုံသို့ အရေးပေါ်ကားဖြင့် ပို့ဆောင်လိုက်ပြီး စစ်ကောင်စီ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် အခြားအမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး လည်း ဒဏ်ရာရရှိခဲ့သည် ဟု ၎င်းက ပြောသည်။ လှိုင်သာယာမြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာထားသော်လည်း စစ်အာရှင်စနစ်ကို အကြွင်းမဲ့ အလိုမရှိသည့် ထောင်နှင့်ချီသော ဒေသခံပြည်သူများက ယမန်နေ့တွင်လည်း စစ်အာဏာရှင် ဆန့်ကျင် ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယမန်နေ့ (မတ် ၁၅) ကတည်းက လှိုင်သာယာတွင် အင်တာနက် ပြတ်တောက်နေပြီး လက်ရှိ နံနက် ၁၀ နာရီခွဲအချိန်ထိ အင်တာနက် ပြန်မရသေးကြောင်း လှိုင်သာယာမြို့နယ်နေသူများထံမှ သိရှိရသည်။ Myanmar Now
Comments