မျောက်ခြောက်ကြိမ်
ပုံပြင်တစ်ပုဒ်ရှိတယ်
မျောက်တွေမွေးထားပြီး တောင်းစားနေတဲ့ လူတစ်ယောက်အကြောင်းပေါ့
သူက မျောက်တွေအများကြီး မွေးထားတာ။ မျောက်ပြ ပိုက်ဆံတောင်းနေတဲ့ သူတောင်းစားလေ။ မျောက်ပြ တောင်းစားတဲ့ကောင်လက်ထဲမှာ ကိုင်ထားတာ တုတ်တစ်ချောင်းတည်းပါ။ မျောက်တွေ အားလုံးက သူတို့ သခင်မျက်နှာထက် တုတ်ကိုပဲကြည့်နေတာ။ တုတ်က မျောက်အားလုံးကို ထိန်းထားတဲ့ အသက်ပဲ။
မျောက်တွေကို တုတ်မြှောက်ရင်ဘာ၊ တုတ်ဝှေ့ရင်ဘာ၊ တုတ်ထောင်ရင်ဘာ၊ တုတ်ရမ်းရင်ဘာဆိုပြီး မျောက်ရှင်က မျောက်တွေကို သင်ထားတာ။ သင်တဲ့အခါမှာလည်း အဲဒီတုတ်နဲ့ပဲ ရိုက်သင်တာကြောင့် မျောက်တွေဟာ တုတ်ကို အရမ်းကြောက်ကြတယ်။
မျောက်တစ်အုပ်ကို တုတ်တစ်ချောင်းတည်းနဲ့ ထိန်းထားတဲ့ မျောက်ရှင်ကို မျောက်တွေက မတော်လှန်ရဲ ကြဘူး။ မတော်လှန်ရဲဘူးဆိုတာထက် ဘယ်လိုတော်လှန်ရမှန်းကို မသိတာ။
တစ်ခါ မျောက်တစ်ကောင်က သူတို့ကြောက်နေရတဲ့ တုတ်ကိုယူပြေးဖူးတယ်။ အဲဒီကောင် သေလောက်အောင် အရိုက်ခံရတယ်။
တစ်ခါ မျောက်တစ်ကောင်က တုတ်ကို ချိုးပစ်ဖူးတယ်။ ချိုးလိုက်တဲ့ တုတ်ထက် ပိုကြီး၊ ပိုရှည်တဲ့ ကြိမ်လုံး ရောက်လာတယ်။
မျောက်ဘဝ မလွယ်ပါဘူး
သခင်ကို ရှာလည်းကျွေး၊ အရိုက်လည်း ခံရသေး၊ ပေးတာယူ၊ ကျွေးတာစား၊ တစ်ခါတစ်လေများ ငတ်တောင် နေတယ်။
သခင်ကတော့ မျောက်ပြပြီး တောင်းထားတဲ့ပိုက်ဆံနဲ့ ကောင်းကောင်းစား၊ မျောက်တွေကတော့ သူတို့တောင်း ထားတာတောင် သူတို့မစားရတဲ့ ဘဝကိုရောက်နေရရှာသူတွေပါ။ ဒါပေမဲ့ သခင်ကို မှီခိုနေရတာကိုပဲ သူတို့က ကံကောင်းလှပြီထင်နေကြတာ။
သူတို့သခင်က အရက်တွေသောက် အစားတွေစား၊ လွှင့်ပစ်လိုက်တာလေး ကောက်စားရတာကို ကျေနပ် နေရတဲ့ မျောက်တွေဘဝမှာ အာဏာဟာ တုတ်အပေါ်မှာတည်တယ်။ တုတ်ပြလိုက်ရင် ကုပ်နေကြရတယ်။
တုတ်ကိုကြောက်ပြီး မျောက်တွေက ထွက်လည်း မပြေးရဲဘူး။ မျောက်ပဲ တောထဲဝင်ပြေးလိုက်ရင်ရတာပဲ။ ဒါပေမဲ့ သူတို့စိတ်ထဲမှာ တောထဲသွားရင် ငတ်သေမှာကြောက်တာထက် သူတို့သခင်က လိုက်လာပြီး ဖမ်းမိရင် တုတ်နဲ့ရိုက်မှာပဲဆိုပြီး ကြောက်နေတာကြောင့်လည်း ထွက်မပြေးရဲဘူး။ ထွက်ပြေးတဲ့ မျောက်တစ်ကောင်ကို ဖမ်းလာပြီး သူတို့ရှေ့မှာပဲ သေအောင်ရိုက်သတ်ပြထားတော့ ကြောက်တာပေါ့။
တစ်နေ့တော့ မျောက်တစ်ကောင်က ဝါးဆစ်ပိုင်းတစ်ပိုင်းကို ကိုင်လာတယ်။ ကျန်တဲ့ မျောက်တွေက ဘာလုပ်မလဲ ကြည့်နေတယ်။ မျောက်က ဝါးဆစ်ပိုင်းနဲ့ မူးပြီး ထိုင်လျက်သား အိပ်နေတဲ့ သူ့သခင်ခေါင်းကို ရိုက် လိုက်တယ်။ လက်ဆနည်းနည်းပြင်းတော့ ခေါင်းပေါက်ပြီး သွေးထွက်လာတယ်။
အဲဒီမျောက်ကို မနက်က ကြိမ်နဲ့ဆော်ခံထားတာ စိတ်ထဲက ခံပြင်းသွားပုံရတယ်။
သခင်က လန့်နိုးလာတယ်
သူ့ခေါင်းကို ပွတ်ကြည့်တော့ သွေးတွေ ထွက်လာတယ်။ သူ့ကို ရိုက်တဲ့မျောက်နောက်ကို လိုက်တယ်။ မျောက်က ကြောက်ပြီး ပြန်ရိုက်တယ်။ သူ့သခင်လဲကျသွားတယ်။
အဲဒီတော့မှ ကျန်တဲ့မျောက်တွေက သူတို့သခင်ကို တုတ်နဲ့ ရိုက်နိုင်တယ်ဆိုတာ သိပြီး တုတ်တွေ ကိုင်လာကာ ဝိုင်းရိုက်တယ်။ မထနိုင်အောင်ကို ဝိုင်းရိုက်တာ။
သခင်သေတာတောင် ဘာလုပ်ရမှန်း မသိသေးဘူး။ မျောက်တစ်ကောင်က သွားကိုင်လှုပ်တယ်။ မထနိုင်တော့ဘူး။ ဒီတော့မှ ထွက်ပြေးတာ။
တစ်ကောင်ပြေးတော့ နောက်တစ်ကောင်က လိုက်
နောက်တစ်ကောင်နောက်ကို နောက်တစ်ကောင်လိုက်
အိမ်ထဲမှာ မျောက်တစ်ကောင်မှ မရှိတော့ဘူး
ဒါတောင် တောစပ်ကနေ ကြည့်နေသေးတယ်။
“ငါတို့သခင် လိုက်လာလေမလား”
မလိုက်လာတော့မှ တောထဲကိုဝင်၊ တွေ့တဲ့ အသီးအနှံတွေခူးစား ပျော်သွားတယ်။
မျောက်တွေစိတ်ထဲတော့ တွေးနေမှာ
“ငါတို့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ခေါင်းကိုရိုက်ပြီး ထွက်လာနိုင်သားနဲ့ နှစ်တွေ ဘာကြောင့် ကြားပြီးမှ လွတ်မြောက်ရတာလဲပေါ့”
“အစကတည်းက တစ်ချောက်လောက်ပြန်ခံပြီး တွယ်ထည့်လိုက်ရင် ငါတို့ လွတ်မြောက်တာကြာပြီ”
တကယ်လိုတာ “သတ္တိ” ပါ
သူကိုင်ထားတဲ့ ကြိမ်တစ်ချောင်းဟာ ငါတို့လက်ပေါင်းများစွာဒဏ်ကို မခံနိုင်ဘူးဆိုတာ မယုံရင် စမ်းကြည့် လိုက်ပါ။
(ရှေးဟောင်း တရုတ်ရိုးရာပုံပြင်တစ်ပုဒ်ကို ကိုးကားပါသည်)
တင်ညွန့်
၇.၃.၂၀၂၁
Comments