ဩစတြေးလျသတ္တုကုမ္ပဏီက စစ်တပ်အဆက်အနွှယ်မှတစ်ဆင့် ငွေကြေးလွှဲပြောင်း

ထူးအောင်
Published on Feb 23, 2023myanmar-now
ရှမ်းပြည်နယ်မှ လုပ်ငန်းရောင်းရငွေ လွှဲပြောင်းရာတွင် စစ်တပ်နှင့် ဆက်စပ်နေသူကို အသုံးချခြင်းမှာ ငွေကြေးခဝါချမှု အန္တရာယ် ရှိနိုင်သည်ဟု စောင့်ကြည့်အဖွဲ့တစ်ခုက ပြောသည်။

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ပြီးနောက် ဩစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီက ရှမ်းပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုကို ရောင်းထုတ်ရာမှ ရမည့် ဒေါ်လာ ၁၀ သန်းကျော်ကို စစ်တပ်အဆက်အနွှယ် စီးပွားရေးသမားတစ်ဦး ပိုင်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) မှတစ်ဆင့် လွှဲပြောင်း ရယူလျက်ရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဘော်တွင်းသတ္တုတွင်းစီမံကိန်းတွင် ပြည်တွင်းမှ ဝင်းမြင့်မိုရ်၊ East Asia Power (EAP) တို့နှင့် အကျိုးတူ လုပ်ကိုင်နေသည့် ဩစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီ Mallee Resource (Myanmar Metals) သည် မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာမည်ဖြစ်ကြောင်း ၂၀၂၁ ဧပြီလတွင် ကြေညာခဲ့သည်။

ထို့နောက် ၎င်း၏ကုမ္ပဏီခွဲကို ဝင်းမြင့်မိုရ်ထံ ဒေါ်လာ ၁၂ ဒသမ ၀၆ သန်းဖြင့် ၂၀၂၁  ဩဂုတ်လတွင် ရောင်းချခဲ့ရာမှ ငွေကြေးလွှဲပြောင်းရန် အခက်အခဲရှိသည်ဆိုကာ ကော်မရှင်ခ ၁၅ ရာခိုင်နှုန်း (ဒေါ်လာ ၂ သန်း) ပေးကာ MAI လေကြောင်းလိုင်းပိုင် 24 Hour Group ထံ ဒေါ်လာ ၁၀ ဒသမ ၂ သန်းဖြင့် ရောင်းချခဲ့သည်။

အာဏာသိမ်းခေါင်းဆောင် ပြည်ပခရီးစဉ်များတွင် သုံးဖူးသည့် MAI လေကြောင်းကို စစ်တပ်နှင့် နီးစပ်သည့် စီးပွားရေးသမားတစ်ဦးဖြစ်သော ဦးအောင်ဇော်ဇော်၏ 24 Hour Group က ပိုင်ဆိုင်သည်။

ကုမ္ပဏီခွဲရောင်းရငွေများအနက် ဒေါ်လာ ၁ သန်းကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ရရှိထားသည်၊ ကျန်ငွေကို ယခုနှစ် ဇွန်လတွင် အပြီးသတ် ရရှိမည်ဟု Mallee Resource ကုမ္ပဏီ၏ ၂၀၂၃ ဇန်နဝါရီလထုတ် လေးလပတ်အစီရင်ခံစာတွင် ဖော်ပြသည်။

လွှဲပြောင်းရောင်းချရာတွင် ရန်ကုန်ရှိ ဩစတြေးလျအခြေစိုက် ANZ ဘဏ်က ဝန်ဆောင်မှု မပေးသည့်အတွက် MAI လေကြောင်းထံ ထပ်ဆင့်ရောင်းချခဲ့ခြင်းဖြစ်သည်ဟုလည်း ကုမ္ပဏီက ဆိုသည်။​

ဩစတြေးလျသတ္တုကုမ္ပဏီ၏ ထိုသို့လွှဲပြောင်းရောင်းချမှုမှာ မြန်မာစစ်တပ်နှင့် နီးစပ်သူ ခရိုနီစီးပွားရေးသမားများသာ အကျိုးအမြတ်ရှိမည်ဟု စစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar (JFM) က ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ထုတ်ပြန်ခဲ့သည်။

ပမာဏများပြားသော ငွေကြေးလွှဲပြောင်းမှုသည် ငွေကြေးခဝါချမှုနှင့် ဆက်စပ်သွားနိုင်သည်ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

“24 Hour Group ကို ဒေါ်လာ ၂ သန်းပေးပြီး ငွေကြေးခဝါချမှုအန္တရာယ် မြှင့်တင်ပေးမယ့် ငွေကြေးလွှဲပြောင်းမှုကို တားဆီးသင့်ပါတယ်။ ဩစတြေးလျအစိုးရအနေနဲ့ အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုပါတယ်” ဟု မရတနာမောင်က ယမန်နေ့ (ဖေဖော်ဝါရီ ၂၂) တွင် မှတ်ချက်ပြုသည်။

ထိုပြောဆိုမှုနှင့် ပတ်သက်ပြီး 24 Hour ကုမ္ပဏီအုပ်စုကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ဦးအောင်ဇော်ဇော်ပိုင် 24 Hour ကုမ္ပဏီ စီးပွားရေးလုပ်ငန်းစုသည် တနင်္သာရီတိုင်းတွင် ၂၀၁၃ မှ ၂၀၂၃ စက်တင်ဘာလအထိ သက်တမ်းရှိသည့် ထုံးကျောက်တူးဖော်ခွင့်လိုင်စင် ရရှိထားသည်။ ခဲမဖြူနှင့် အဖြိုက်နက်သတ္တု တူးဖော်ထုတ်လုပ်ခွင့် လိုင်စင်များလည်း ရရှိထားသည်။​

ထို့ပြင် KBZ လေကြောင်းလိုင်းကိုလည်း ပိုင်ဆိုင်ပြီး လေယာဉ်ဆီတင်သွင်းခြင်း၊ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် တနင်္သာရီတိုင်းအတွင်း ၆၆၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းလည်း ရရှိထားသည်ဟု 24 Hour Group ၏ ဝက်ဆိုက်တွင် ဖော်ပြထားသည်။

ဩစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီ Mallee Resource သည် ဘော်တွင်းသတ္တုတူးဖော်ရေးစီမံကိန်းမှ နုတ်ထွက်ခဲ့သော်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းများတွင် ပါဝင် ပတ်သက်နေသည့် အထောက်အထားများလည်း တွေ့ရှိရသည်။

မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည့် ဩစတြေးလျသတ္တုကုမ္ပဏီအနေဖြင့် ကုမ္ပဏီခွဲရောင်းရငွေကို စစ်တပ်နှင့် နီးစပ်သူတစ်ဦးပိုင် လုပ်ငန်းမှတစ်ဆင့် လွှဲပြောင်းရယူနေခြင်းအပေါ် စုံစမ်းစစ်ဆေးပေးရန် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတို့က တောင်းဆိုသော်လည်း လက်တွေ့အကျိုးသက်ရောက်နိုင်ခြေ နည်းနေသည်။

ကျန်ငွေကို လာမည့်လေးလအတွင်း အပြီးသတ်ရရှိမည်ဟု Mallee Resource ကုမ္ပဏီ၏ အစီရင်ခံစာတွင် ဖော်ပြထားရာ ဩစတြေးလျအစိုးရအနေဖြင့် စုံစမ်းစစ်ဆေးရေး၊ ကျန်ငွေလွှဲပြောင်းမှုကို တားဆီးရေးတို့အတွက် အချိန်များစွာ မရတော့ပေ။

အမေရိကန်နှင့် အနောက်နိုင်ငံများ၏ မဟာမိတ်ဖြစ်သော ဩစတြေးလျအနေဖြင့် မြန်မာစစ်တပ်ကို ဝေဖန်ပြောဆိုသော်လည်း အာဏာသိမ်းပြီး နှစ်နှစ်အကြာမှသာ ပထမဆုံးအကြိမ် ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့သည်။

အာဏာသိမ်းမှု ၂ နှစ်ပြည့်မြောက်သည့် ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့ဝင် ၂၁ ဦးကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူကြောင်း ဩစတြေးလျအစိုးရက ထုတ်ပြန်ခဲ့သည်။


 

Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

(NUG)People's government has right to stand in the world

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

UNHCR ဘယ်လိုလျှောက်ကြမလဲ

ကိုယ်တွေဒလန်postတင်သလိုမျိူး NLDအဖွဲ့ဝင် ကပြန်တင်တာလက်ခံနိုင်စရာမရှိဖူး

လက်ပံတန်းမြို့ EPC ရုံးမှ မြို့နယ်အင်ဂျင်နီယာနှင့် ဝန်ထမ်းအချို့ မီတာခ သိန်း ၄၀၀၀ကျော်ကိုယူဆောင်ထွက်ပြေး

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

ကမ္ဘာမကျော်တဲ့အညာသူကြီးတွေ

ထောက်ပို့ရဟတ်ယာဉ် ၁ စီး ကျည်မှန်ပြီး သုံးမရ

NDAA အပေါ် သူတို့အမြင်