မြန်မာစစ်တပ် ဝင်ငွေရနေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းများ

 RFA
■ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိရေး အဖွဲ့အစည်းတွေဆီကနေရရှိတဲ့ အခွန်စာရွက်စာတမ်းတွေကို လေ့လာသုံးသပ်ချက်အရ အမေရိကန်နဲ့ နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးတွေရဲ့ လက်ခွဲလုပ်ငန်းအချို့ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတောင် မြန်မာနိုင်ငံမှာ လုပ်ငန်းဆက်လက်လည်ပတ်နေကြပြီး အကျိုးအမြတ်တွေလည်း ရနေကြတဲ့အကြောင်း ပြီးခဲ့တဲ့အပတ်က ယူကေ အခြေစိုက် ဂါးဒီးယန်းသတင်းစာက ရေးသားဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ဂါးဒီးယန်းသတင်းစာကရရှိတဲ့ အခွန်စာရွက်စာတမ်းတွေအရ အမေရိကန်ရေနံလုပ်ငန်း ဟာလီဗာတန် (Halliburton) ရဲ့ စင်္ကာပူအခြေစိုက်လုပ်ငန်းခွဲ Myanmar Energy Services ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ရှစ်လကျော်ကြာတဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာအထိ အလုပ်လုပ်နေဆဲဖြစ်ပြီး အခွန်မဆောင်ရသေးတဲ့ ဝင်ငွေ ဒေါ်လာ ၆.၃ သန်း ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူပဲ အမေရိကန်နိုင်ငံ ဟူစတန်အခြေစိုက် ရေနံတူးဖော်ရေးလုပ်ငန်း ဘေကာ ဟျူးစ် Baker Hughes ကုမ္ပဏီရဲ့ ရန်ကုန်ရုံးခွဲဟာဆိုရင်လည်း ၂၀၂၂ခုနှစ် မတ်လအထိ အခွန်မဆောင်ရသေးတဲ့ ဝင်ငွေ ဒေါ်လာ ၂.၆၄ သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကမ်းလွန်ရေနံတူးဖော်ရေး ဝန်ဆောင်မှုပေးတဲ့ အမေရိကန်ကုမ္ပဏီ Diamond Offshore Drilling ဟာဆိုရင်လည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ဝင်ငွေ ဒေါ်လာ ၃၇ သန်းနဲ့ ၂၀၂၂ ခုနှစ်အထိ မတ်လအထိ ဝင်ငွေ ဒေါ်လာ ၂၄.၂ သန်း ရရှိကြောင်း အခွန်ဆိုင်ရာ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကမ္ဘာ့အကြီးဆုံး ကမ်းလွန်ရေနံတူးဖော်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Schlumberger ကုမ္ပဏီရဲ့ ရန်ကုန်ရုံးခွဲဟာဆိုရင်လည်း ၂၀၂၁ ခုနှစ် စက်တင်ဘာအထိ မြန်မာနိုင်ငံက စီမံကိန်းတွေကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၁.၇ သန်း ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ စွမ်းအင်ဝန်ကြီးဌာနဆီကနေ ဒေါ်လာ နှစ်သိန်းရဖို့ ကျန်နေသေးတယ်လို့ ဖော်ပြထားပါတယ်။
အခုအချိန်မှာ မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးစီမံကိန်းတွေကို ထိုင်း၊ စင်္ကာပူနဲ့ တောင်ကိုရီးယားတို့လို အာရှနိုင်ငံတွေက ကုမ္ပဏီတွေက စီမံလုပ်ကိုင်နေတာ ဖြစ်ပေမယ့် ဒီကုမ္ပဏီတွေ တူးဖော်ရေးလုပ်ငန်းတွေ ဆက်လုပ်နေနိုင်အောင် အမေရိကန်ကုမ္ပဏီတွေက နည်းပညာဝန်ဆောင်မှုတွေပေးနေတာ ဖြစ်တဲ့အကြောင်း၊ ဒီအမေရိကန်ကုမ္ပဏီတွေဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရောင်းချတဲ့ဝင်ငွေကနေ စစ်ကောင်စီ ဆက်လက်ရပ်တည်နိုင်စေဖို့ အကျိုးပြုနေတဲ့အကြောင်း သုံးသပ်ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ကုမ္ပဏီတွေကို ဂါးဒီးယန်းသတင်းစာက ဆက်သွယ်မေးမြန်းခဲ့ရာမှာ Halliburton၊ Schlumberger နဲ့ Diamond Offshore Drilling တို့က တုံ့ပြန်ဖြေကြားခြင်း မရှိဘဲ Baker Hughes ကုမ္ပဏီကတော့ စစ်တပ်က အာဏာမသိမ်းခင်ကတည်းက ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ကြောင်းနဲ့ ၂၀၂၂ခုနှစ် အစောပိုင်းမှာ လုပ်ငန်းပြီးစီးခဲ့ကတည်းက စာချုပ်အသစ်ချုပ်ဆိုမှု မရှိတော့ကြောင်း ဖြေကြားထားပါတယ်။
အခုလို မြန်မာနိုင်ငံက စွမ်းအင်စီမံကိန်းတွေအတွက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေဟာ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေအတွက် ဝင်ငွေရဖို့ အထောက်အကူပေးရာ ရောက်တဲ့အကြောင်း စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တဲ့ စစ်ဆင်ရေးတွေအတွက် အားပေးကူညီရာရောက်တဲ့အတွက် နိုင်ငံတကာတာဝန်ရှိမှုတွေကို ချိုးဖောက်ရာ ရောက်တဲ့အကြောင်း မြန်မာစစ်တပ်ရဲ့ အကျိုးစီးပွားတွေအကြောင်း ဖော်ထုတ်နေတဲ့ Justice for Myanmar အဖွဲ့က မရတနာမောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ရက်နေ့က အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ရဲ့ ခေါင်းဆောင်နှစ်ဦး ပါဝင်လာခဲ့ပေမယ့် MOGE တစ်ခုလုံးကို ပိတ်ဆို့အရေးယူတာ မရှိသေးပါဘူး။
အခုအချိန်မှာ ဥရောပသမဂ္ဂ အီးယူကပဲ MOGE တစ်ခုလုံးကို ပိတ်ဆို့အရေးယူထားပြီး အမေရိကန်နဲ့ ယူကေနိုင်ငံတွေက MOGE တစ်ခုလုံးကို ပိတ်ဆို့အရေးယူမှု စာရင်းထဲ မထည့်ရသေးတဲ့အတွက် နိုင်ငံတကာ စွမ်းအင်လုပ်ငန်းကြီးတွေဟာ အခြားကုမ္ပဏီတစ်ခု တစ်ဆင့်ခံပြီးဖြစ်စေ MOGE ရဲ့ ခေါင်းဆောင်ပိုင်း မဟုတ်သူတွေနဲ့ တိုက်ရိုက်ဖြစ်စေ ဆက်စပ်အလုပ်လုပ်လို့ ရနေသေးတယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းဖြစ်တဲ့ ရတနာစီမံကိန်းမှာ ဖက်စပ်လုပ်ကိုင်နေတဲ့ ပြင်သစ်ပိုင် တိုတယ်ကုမ္ပဏီက မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ့်အကြောင်း ၂၀၂၂ ခုနှစ်က ကြေညာခဲ့ပြီး အမေရိကန်ပိုင် ရှက်ဗရွန် Chevron ကုမ္ပဏီကလည်း အခုနှစ်မှာ ကြေညာခဲ့ကြပါတယ်။

 
 
 

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ