ဘက်ပေါင်းစုံ အောက်စည်းရောက်နေတဲ့ စစ်ပွဲကို ဆက်တိုက်ချင်နေတဲ့ မြန်မာစစ်ကောင်စီ



​ရေးသားသူ - ဘာ​တေးလ်လင့်နာ

အာဏာသိမ်းမှုအပြီး နိုင်ငံအနှံ့ ပေါ်ပေါက်လာတဲ့ တော်လှန်ရေး အင်အားစုတွေကို ချိုးနှိမ်ဖို့အတွက် မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတဲ့ နည်းလမ်းဟောင်းကိုပဲ ပြန်အသုံးပြုလာပါတယ်။ ပြည်တွင်းက လက်နက်ကိုင် ခုခံရေး လှုပ်ရှားမှုတွေကို တိုက်ခိုက်ဖို့ ပုံသေ သုံးစွဲနေတဲ့ ဒီနည်းလမ်းဟာ တကယ်တမ်းကျတော့ စစ်တပ်ရဲ့ အင်အားထက် ညံ့ဖျင်းမှုကို ပိုမိုပေါ်လွင်နေစေပါတယ်။

နိုင်ငံအရှေ့ပိုင်းက အာဏာသိမ်းမှု ဆန့်ကျင်ရေး အားကောင်းနေတဲ့ ကယားပြည်နယ်ထဲမှာ ရုရှားလုပ် Hind အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်ကြီးတွေက ဒုံးကျည်တွေ၊ စက်သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့သလို တိုက်လေယာဉ်တွေကလည်း ဗုံးတွေ ကြဲချခဲ့ပါတယ်။ အခုလထဲမှာ အရှိန်မြှင့်လာတဲ့ လေကြောင်း ထိုးစစ်တွေဟာ အရပ်ဖက် ပစ်မှတ်တွေကို အဓိက ဦးတည်ခဲ့ပုံ ရပါတယ်။

အဲဒီ ရဟတ်ယာဉ်တွေထဲက တစ်စီးမှာ အာဏာသိမ်း စစ်တပ်ရဲ့ ဒုတိယ အကြီးအကဲ စိုးဝင်းကိုယ်တိုင် လိုက်ပါခဲ့တယ်လို့တောင် သတင်းတွေ ထွက်ခဲ့ပါတယ်။ သူဟာ စစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်ထက်တောင် သဘောထား တင်းမာပြီး တစ်ယူသန်တယ်လို့ လူသိများသူပါ။

ကယားပြည်နယ်ထဲက စစ်ဘေးသင့် ရွာသူရွာသား ၁၇၀၀၀၀ လောက်ထိ နေရပ်စွန့်ခွာပြီး ထိုင်းနိုင်ငံ နယ်စပ်နဲ့ နီးကပ်တဲ့ သစ်တော ဧရိယာတွေဖက်ကို တိမ်းရှောင် ထွက်ပြေးခဲ့ကြရပါတယ်။ ဒီအခြေအနေက ဒေသတွင်းမှာ ခေတ်သစ် ဒုက္ခသည် အကျပ်အတည်းကြီးတစ်ခု ပေါ်ပေါက်လာအောင် တွန်းအားပေးသလို ဖြစ်နေပါတယ်။

ကယားပြည်နယ်မှာ ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ အားကောင်းခဲ့ခြင်းကြောင့်ပဲ စစ်ကောင်စီက လေတပ်သုံးပြီး အပြင်းအထန် ဗုံးကြဲလာတယ်လို့ ယုံကြည်ရပါတယ်။ ဒီအခြေအနေက စစ်ကောင်စီရဲ့ အားကောင်းလှပါချည်ရဲ့ဆိုတဲ့ ခြေလျင်တပ်တွေရဲ့ တိုက်ရည်ခိုက်ရည်အပေါ် ဆန်းစစ် မေးခွန်းထုတ်မှု နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာစေပြန်ပါတယ်။

သူပုန်တပ်တွေကို လေကြောင်း ပစ်ကူယူပြီး မြေပြင်ကနေ ထိုးစစ်ဆင်တာမျိုးက ကမ္ဘာအနှံ့မှာ အစိုးရတွေ သုံးစွဲနေကျ ပုံမှန် စစ်ဆင်ရေး နည်းလမ်းတစ်ခုပါ။ ဒါပေမဲ့ ဆယ်စုနှစ်တွေ ရှည်ကြာလာခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ်မှာ မြန်မာစစ်တပ်က လေကြောင်းပစ်ကူ သုံးရသလောက်တော့ ဘယ်သူမှ များများစားစား မသုံးစွဲခဲ့ပါဘူး။ 

ကယားပြည်နယ်တင် မကဘဲ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်လို နေရာတွေမှာ စစ်ကောင်စီဟာ ခြေလျင်တပ်တွေ အရင်ဖြန့်ကျက်ပြီး သွေးတိုးစမ်း တိုက်ခိုက်ကြည့်ခဲ့ပါသေးတယ်။ ဒါပေမဲ့ မရှုမလှ သေကြေကြပြီး အကျအဆုံး များလွန်းတာကြောင့် ကမန်းကတမ်း ပြန်ဆုတ်ခဲ့ရတာချည်းပါပဲ။ ဒီလို ရှုံးနိမ့်ပြီ ဆိုတာနဲ့ စစ်တပ်ဟာ လေတပ်ကို သုံးပြီး ကျေးရွာတွေနဲ့ တခြား မဆီမဆိုင် အရပ်သား ဧရိယာတွေကို ဗုံးလိုက်ကြဲတာ ပုံသေနည်းလို ဖြစ်နေပါပြီ။ 

တကယ်တော့ လူနည်းစု တိုင်းရင်းသား နယ်မြေတွေမှာ မြန်မာစစ်တပ်က အဆုံးစွန် ယုတ်ကန်း ရက်စက်မှုတွေ ကျူးလွန်နေတာ အသစ်အဆန်း မဟုတ်တော့ပါဘူး။ ဒါပေမဲ့ အရင်ခေတ်က စစ်တပ်ဟာ လက်နက် တပ်ဆင်မှု အတော်လေး အားနည်းတယ် ဆိုရင်တောင်မှ စစ်ရေး အတွေ့အကြုံ အရမ်းပြည့်ဝပြီး တိုက်ရည်ခိုက်ရည်ကလည်း တကယ့်ကို ထိရောက် ထက်မြက်ခဲ့ပါတယ်။

အဲဒီ မြန်မာစစ်တပ်ဟာ နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဗမာပြည် ကွန်မြူနစ်ပါတီ (CPB)၊ မြောက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ထိုင်းနိုင်ငံနဲ့ နယ်စပ်တလျှောက်မှာ ကရင် အမျိုးသား အစည်းအရုံး (KNU) အပါအဝင် တခြား လက်နက်ကိုင် အဖွဲ့တွေနဲ့ တောက်လျှောက် စစ်ခင်း တိုက်ခိုက်ခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တောင်းဆို လှုပ်ရှားမှု အရေးအခင်းကြီး ပေါ်ပေါက်လာတဲ့နောက် အဲဒီ အနေအထားတွေ အားလုံး ပြောင်းလဲကုန်ပါတယ်။ အဲဒီတုန်းက စစ်တပ် အကြီးအကဲတွေ အင်မတန် စိုးရိမ်တဲ့ အဓိက အချက်က တပ်မတော်သားတွေ ဘက်ပြောင်းပြီး ဒီမိုကရေစီ တက်ကြွ လှုပ်ရှားသူတွေဆီ ခိုလှုံ ပူးပေါင်းသွားမှာကိုပါပဲ။

တပ်ထဲမှာ အကွဲအပြဲတွေ မဖြစ်အောင် တားဆီးဖို့အတွက် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေဟာ လက်အောက်ခံ တပ်တွေ စိတ်ကျေနပ်အောင်၊ သစ္စာစောင့်သိမှု မြဲမြံအောင် နည်းလမ်းပေါင်းစုံနဲ့ ကြံစည်ပါတော့တယ်။

၁၉၈၉ ခုနှစ်ကစလို့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီလို့ နာမည်ပေးထားတဲ့ အဲဒီခေတ်က စစ်အစိုးရဟာ ပိုပြီး ခေတ်မီ ဆန်းစစ်တဲ့ စစ်လက်နက် ပစ္စည်းတွေ၊ စစ်သုံး ယန္တရားတွေကို ဒေါ်လာ ၁ ဘီလီယံကျော်ဖိုးထိ တောက်လျှောက် ဖြည့်တင်း ဝယ်ယူလာခဲ့ပါတယ်။

မြန်မာရဲ့ စစ်လက်နက် အများစုဟာ တရုတ်ဆီက ရတာဖြစ်ပြီး ပါကစ္စတန်၊ စင်ကာပူနဲ့ အစ္စရေးတို့ဆီက ဝယ်ယူခဲ့တာတွေလည်း ရှိပါတယ်။ ဝယ်သမျှ လက်နက် အများစုဟာ ရုပ်ပြကောင်းရုံ သက်သက်သာ ဖြစ်နေပြီး တကယ်တမ်းကျတော့ ဒုံးကျည်စနစ်တွေ၊ တင့်ကားကြီးတွေ၊ သံချပ်ကာယာဉ်တွေ၊ ရေတပ် ကင်းလှည့်ရေယာဉ်တွေ၊ ဖရီးဂိတ် စစ်သင်္ဘောတွေ ဆိုတာက နယ်စပ်တလျှောက် တောတောင် ထူထပ်ရာ ဧရိယာတွေမှာ အဓိက ဖြန့်ကျက် လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို တိုက်ခိုက်ရာမှာ အတော်လေး အသုံးဝင်မှု အားနည်းပါတယ်။

နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခုအဖြစ် တပ်မှူးတွေကို ဒေသပေါင်းစုံ အလှည့်ကျ တာဝန် ထမ်းဆောင်စေတဲ့ အရင်ကတည်းက လူကြိုက် မများလှတဲ့ စနစ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီစနစ်ရဲ့ မူလ ရည်ရွယ်ချက်က ဘယ်တပ်မှူးမှ နိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခုခုမှာ ကြာကြာ ခြေကုပ်ယူပြီး ဩဇာ တည်ဆောက်လို့ မရစေဖို့ ဖြစ်ပါတယ်။

စစ်တပ် အကြီးအကဲတွေဟာ မြို့ပြ ဧရိယာတွေက သဘောထား ကွဲလွဲသူတွေကို တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေနဲ့ အချိတ်အဆက် မရှိစေဖို့လည်း အသေအချာ အားထုတ်ခဲ့ပါတယ်။ မြို့ကြီးပြကြီးတွေက တော်လှန်ရေး လှုပ်ရှားသူ ထောင်နဲ့ချီပြီး KIA၊ KNUတို့နဲ့ ဆက်သွယ် ပူးပေါင်းသွားတယ် ဆိုပေမယ့် မြို့သားလူသစ်တွေကို လက်နက် ထောက်ပံ့ပေးဖို့ကျတော့ တိုင်းရင်းသား တပ်ဖွဲ့တွေမှာလည်း အလုံအလောက် ဖြစ်မနေပြန်ပါဘူး။

နောက်တော့ CPBထဲမှာ ပုန်ကန်မှုတွေ ဖြစ်လာပြီး ဗမာတိုင်းရင်းသား ကွန်မြူနစ် လှုပ်ရှားသူ အတော်များများဟာ တရုတ်နိုင်ငံဖက်ကို တိမ်းရှောင် ခိုလှုံသွားကြရပါတယ်။ အဲဒီ ပုန်ကန်မှုတွေကပဲ နောက်ထပ် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု အသစ်တွေ ဖွဲ့စည်းဖို့ လမ်းကြောင်း ပေါ်လာစေတယ်။ အားအကောင်းဆုံးကတော့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)ဖြစ်ပါတယ်။ ပြီးတော့ မြန်မာစစ်တပ် အင်မတန် စိုးရိမ်တဲ့ မဟာမိတ် အင်အားစုမျိုး အမှန်တကယ် ပေါ်ပေါက်လာနိုင်ခြေ အလားအလာတွေကိုပါ မြင်လာရပါတယ်။

အရင် CPBရဲ့ ပုန်ကန် အင်အားစုတွေနဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ ဆွေးနွေးမှုတွေ ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ မြန်မာစစ်တပ်ဟာ ခြေသွက်လက်သွက်နဲ့ တစိုက်မတ်မတ် တုံ့ပြန် လှုပ်ရှားခဲ့တယ်။

UWSA၊ CPBလက်ကျန် အင်အားစုတွေနဲ့ မြန်မာစစ်တပ်တို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေ အသီးသီး ညှိနှိုင်းနိုင်ခဲ့တယ်။ နှစ်ဖက် ဆွေးနွေး သဘောတူညီမှုတွေအရ အဲဒီ အဖွဲ့အစည်းတွေဟာ လက်နက်တွေ စွန့်လွှတ်ဖို့ မလိုသလို အခြေစိုက် နယ်မြေတွေကိုလည်း ဆက်ပြီး ထိန်းချုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ စစ်တပ်ကို သူတို့က စပြီး မတိုက်သ၍၊ တခြား လက်နက်ကိုင် အင်အားစုတွေဆီ လက်နက်တွေ မထောက်ပံ့သ၍ ထိန်းချုပ် နယ်မြေတွေမှာ ဘယ်လို စီးပွားရေး လုပ်ငန်းတွေမဆို လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ် အလယ်ပိုင်းလောက်မှာတော့ လက်နက် ရရှိရေးအတွက် CPBကို အဓိက မှီခိုနေရတဲ့ နောက်ထပ် အင်အားကြီးနဲ့ အသေးစား လက်နက်ကိုင် အဖွဲ့ ၂၀ လောက်ဟာလည်း စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူခဲ့ပါတယ်။ ဒီအတောအတွင်း နယ်စပ်တွေက ခြိမ်းခြောက်မှုတွေကိုလည်း စစ်တပ်က အတော်လေး ဖိနှိပ် ချိုးနှိမ်လိုက်ပါတော့တယ်။

အဲဒီ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေက နှစ်ပေါင်း ၂၀ ကျော်လောက် တည်တံ့ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ လုံးဝဥဿုံ ပြောင်းလဲသွားတဲ့ မျိုးဆက်သစ် မြန်မာစစ်သားတွေမှာ တကယ် ထိရောက်တဲ့ တိုက်ခိုက်ရေး အတွေ့အကြုံ မရှိတော့ပါဘူး။ နီးစပ်သူ တစ်ဦးက ပြောပြတာကတော့ လက်ရှိ မြန်မာစစ်သားတွေဟာ တကယ်တမ်း စစ်တိုက်ဖို့ထက် ယူနီဖောင်း အသစ်တွေဝတ်၊ သေနတ်တွေကိုင်ပြီး ကျော့ကျော့မော့မော့ စစ်ရေးပြဖို့ပဲ ပိုအားသန်နေတော့တယ် ဆိုတာပါပဲ။ 

ဒါ့အပြင် လက်ရုံးတပ်တွေကလည်း လာဘ်ပေးလာဘ်ယူ ကိစ္စတွေ၊ အဂတိမှုတွေ ကျူးလွန်ပြီး ငွေရှာဖို့ အခွင့်အလမ်းတွေ ပိုရလာပါတယ်။ စစ်တပ် အရာရှိတွေဟာ နာမည်ဆိုး ထွက်လွန်းတဲ့ ခရိုနီ သူဌေးသူကြွယ်တွေနဲ့ စီးပွားရေး ရပေါက်ရလမ်းတွေ ပူးပေါင်း လုပ်ဆောင်တတ်လာတယ်။

၂၀၁၁၊ ဇွန်လကျတော့ အခြေအနေတွေ ပြောင်းသွားပြန်ပါတယ်။ KIAနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ သဘောတူညီချက် ပျက်ပြားသွားတာကြောင့်ပါ။ ဆယ်စုနှစ်တွေအတွင်း ပထမဆုံး အကြိမ်အဖြစ် တိုင်းရင်းသား နယ်မြေတွေမှာ အထင်ကရ တိုက်ပွဲကြီးတွေ ပြန်ပေါ်ပေါက်လာပါတယ်။ မြန်မာစစ်တပ်က အကြီးအကျယ် အထိနာပြီး အကျအဆုံး အရမ်းများခဲ့ပါတယ်။ အတွေ့အကြုံကလည်း မရှိ၊ လေ့ကျင့်ရေးကလည်း ညံ့ဖျင်းလွန်းတဲ့ ခြေလျင် တပ်သားတွေဟာ KIAရဲ့ ပြောက်ကျား စစ်ဆင်ရေးတွေမှာ အတုံးအရုံး အသက်ပျောက်ကုန်ပါတယ်။ 

အခြေအနေတွေက ဆိုးသထက် ဆိုးလာတော့ စစ်တပ်ဟာ ခြေလျင်တပ်ဖွဲ့တွေကို ပြန်ဆုတ်ခိုင်းပြီး ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေရဲ့ ပစ်အားကိုပဲ မှီခိုရပါတော့တယ်။ KIA လက်လှမ်းမမီလောက်တဲ့ နေရာတွေကပဲ လှမ်းပစ်ရဲတော့တာပါ။ ဒီအခြေအနေမျိုးကို ကယားပြည်နယ်မှာ ထပ်ပြီး တွေ့မြင်လာရပါပြီ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စစ်တပ် အာဏာသိမ်းမှုအပြီး နိုင်ငံအနှံ့မှာ မိုးဦးကျ မှိုတွေလို ပေါ်ပေါက်လာတဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေထဲမှာ ကယားကလည်း အားကောင်းကောင်းနဲ့ ပါဝင်ခဲ့ပါတယ်။

အခုတော့ စစ်တပ်အတွက် ရင်ဆိုင် စစ်ခင်းနေရတဲ့ ပဋိပက္ခတွေက အဟောင်းရော၊ အသစ်ပါ နေရာစုံ ပျံ့နေပါပြီ။ ပြောင်းလဲလာတဲ့ အခြေအနေ အသစ်တွေအပေါ် မူတည်ပြီး မေးခွန်းအဟောင်းဆီ ပြန်ဦးလှည့်လာကြပါတယ်။ အဲဒါကတော့ စစ်တပ်ရဲ့ လူ့အရင်းအမြစ် စွမ်းရည် ဘယ်လောက်ထိ ရှိသလဲ ဆိုတာပါပဲ။ ဩစတြေးလျ နိုင်ငံသား၊ မြန်မာ့အရေးနဲ့ မြန်မာစစ်တပ်အရေး ကျွမ်းကျင်သူ အန်ဒရူး ဆက်သ်ကတော့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ဆစ်ဒနီမြို့ အခြေစိုက် Lowy Instituteက ထုတ်ဝေတဲ့ စာစောင်မှာ သူ့ခန့်မှန်းချက်တွေကို ဖော်ပြခဲ့ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာ စစ်တပ်မှာ အင်အား ၅ သိန်းကနေ ၆ သိန်းလောက်ထိ ရှိလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေက မြန်မာစစ်တပ်ရဲ့ စီမံကိန်း ရေးဆွဲသူတွေ ကြီးကြီးမားမား ထားရှိခဲ့တဲ့ ရည်မှန်းချက်တွေအပေါ် အခြေခံထားတာ ဖြစ်တယ်လို့ သူက ဆိုတယ်။

၁၉၈၈ ခုနှစ်တုန်းက စစ်တပ်ကို တိုးချဲ့ဖွဲ့စည်းပြီး ခေတ်မီအောင် မွမ်းမံ အဆင့်မမြှင့်သေးခင် ကာလတွေတုန်းက အင်အား ၁ သိန်း ၈ သောင်း ၆ ထောင်ကျော်လောက် ရှိခဲ့ပါတယ်။ ၂၀၂၁ မှာတော့ တကယ်တမ်း လက်တွေ့ကျတဲ့ ခန့်မှန်းချက်က အင်အား ၃ သိန်းနဲ့ ၃ သိန်းခွဲကြားလောက်သာ ရှိလိမ့်မယ် ဆိုတာပါပဲ။ ဒီထက်ပိုနည်းပြီး ၂ သိန်းခွဲအောက်၊ ဒါမှမဟုတ် ၂ သိန်းလောက်လည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ဆက်သ်ကတော့ တကယ်တမ်း အရေးကြီးတာက ယူနီဖောင်း ဝတ်ထားတဲ့ အမျိုးသား၊ အမျိုးသမီး အရေအတွက် ဘယ်လောက် ရှိသလဲ ဆိုတာ မဟုတ်ဘဲ စစ်မြေပြင်ကို စစ်ကောင်စီ အနေနဲ့ အမှန်တကယ် စေလွှတ်နိုင်မယ့် ခြေလျင်တပ်ဖွဲ့ဝင် ဦးရေ ဖြစ်တယ်လို့ ထောက်ပြပါတယ်။ မြန်မာစစ်တပ်မှာ တိုက်ပွဲဝင် ခြေလျင်တပ်ဖွဲ့ဝင် အရေအတွက် အလွန်ဆုံး ၁ သိန်းနဲ့ ၁ သိန်း ၂ သောင်းကြားလောက်ပဲ ရှိနိုင်ပါတယ်။

ဒီအင်အားကို ပံ့ပိုးဖို့ ရဲတပ်ဖွဲ့ဝင် ဦးရေ ၈ သောင်းလောက် ရှိသလို စစ်မှုထမ်းဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အရန်တပ် ၃၉ ခုလောက် ရှိနေသေးတယ်လို့ ဆက်သ်က ရေးသားထားပါတယ်။

ဘယ်ရှုထောင့်ကပဲကြည့်ကြည့် မြန်မာစစ်တပ်ဟာ အခုဆိုရင် စစ်မျက်နှာ ပေါင်းစုံမှာ ကိုယ့်ကိုယ်ကိုယ် ဘေးကျပ်နံကျပ် ဖြစ်အောင် လုပ်မိနေပြီဆိုတာ မြင်သာပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေကစလို့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်မှု လုံးဝ မရှိတော့တဲ့ နိုင်ငံအလယ်ပိုင်း ဒေသတွေမှာပါ ခုခံစစ်ပွဲတွေကို ကြုံနေကြရပါပြီ။

အခုဆိုရင် အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အဖွဲ့ငယ်လေးတွေ အပါအဝင် နိုင်ငံအနှံ့မှာ ရာနဲ့ချီတဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ ပေါ်ပေါက်လာပြီး မြန်မာစစ်တပ်ဟာ ဘယ်လိုမှ အပြတ်အသတ် အနိုင်ယူ တိုက်ခိုက်နိုင်မှာ မဟုတ်ကြောင်း ပိုထင်ရှား ပေါ်လွင်လာနေပါတယ်။ 

ဒါပေမဲ့လည်း အဲဒီ အင်အားစုလေးတွေက တိုက်ပွဲကြီးတွေမှာ အသာရဖို့ ဆိုတာကလည်း အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ တော်လှန်ရေး လှုပ်ရှားမှုတွေက တခဲနက် ထောက်ခံ အားပေးမှုတွေ ရရှိနေပေမယ့် လက်နက် တပ်ဆင်နိုင်စွမ်း အားနည်းလွန်းသလို မြန်မာစစ်တပ်နဲ့ စစ်ကောင်စီ အရာရှိတွေကို ရနိုင်သလောက် သုတ်သင်ပစ်မယ် ဆိုတာထက် ပိုပြီး ကောင်းမွန်တဲ့ ရေရှည် ရည်မှန်းချက်နဲ့ အခင်းအကျင်းတွေ မတွေ့ရပါဘူး။

စစ်တပ်က တော်လှန်ရေး အင်အားစုတွေ တဖြည်းဖြည်း ဆုတ်ယုတ်ပြီး လုံးပါးပါးလာအောင် ဖိတိုက်မယ်ဆိုတဲ့ မဟာဗျူဟာမျိုး သုံးနေပုံ ပေါ်ပေမယ့် တော်လှန်ရေးရဲ့ စိတ်အား ထက်သန်မှုနဲ့ ကျားကုတ်ကျားခဲ ကြိုးစားမှုတွေကြောင့် ဒီဗျူဟာကလည်း အောင်မြင်မယ့် အလားအလာ နည်းပါတယ်။

ခန့်မှန်းလို့ ရတာက အနာဂတ်မှာလည်း စစ်ပွဲတွေ ပိုပြီး ပေါ်ပေါက်လာပါဦးမယ်။ စစ်တပ်ရဲ့ လေကြောင်း ပစ်ကူအင်အား အလွန်အကျွံ သုံးစွဲတဲ့ နည်းဗျူဟာက ပြည်သူတွေကို ပိုပြီး ထိခိုက် နစ်နာစေသလို ရွှေ့ပြောင်း ဒုက္ခသည်တွေလည်း တိုးလာပါလိမ့်မယ်။ နဂိုကတည်းက စစ်တပ်အပေါ် ဒေါသထွက်နေတဲ့၊ နာကျည်းနေတဲ့ ပြည်သူတွေကို ပိုပြီး ဆွပေးသလို ဖြစ်နေပါဦးမယ်။ 

ကယားပြည်နယ်မှာ လေကြောင်းကနေ ဗုံးကြဲနေတာမျိုးဟာ မြန်မာနိုင်ငံက ခုခံစစ် အားကောင်းနေတဲ့ တခြားဒေသတွေမှာပါ ကျင့်သုံးတဲ့ စစ်ဆင်ရေး မဟာဗျူဟာ ဖြစ်လာနိုင်ပါတယ်။ ဒီအချက်ကိုက စစ်တပ်ရဲ့ အရည်အချင်း ညံ့ဖျင်းမှုကို မီးမောင်းထိုးပြနေပြီး ခပ်မြန်မြန် အင်အားတိုးပွားလာတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအပေါ် ပြည်သူလူထု ထောက်ခံမှု ပိုပြီး မြင့်တက်လာစေမှာ ဖြစ်ပါတယ်။

(​ဆောင်းပါးရှင် ဘာ​တေးလ်လင့်နာက
Asia Times သတင်းဌာနတွင်​ ရေးသား​​သော "Tatmadaw fighting a losing war in Myanmar" ​ဆောင်းပါးကို ဘာသာပြန်ဆို​ဖော်ပြထားတာဖြစ်ပါတယ်)

#လူထုနွေဦး
#People'sSpring


Comments

Popular posts from this blog

UNHCR ဘယ်လိုလျှောက်ကြမလဲ

အင်းစိန်လူမိုက် ထောင်ထွက် ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းစိန်နှင့်မင်းအုပ်စိုး ဆက်စပ်နေ

ဗိုလ်ချုပ်အောင်သန်းထွဋ် လက်ရှိကြံ့ဖွတ်အမတ် သမီး နဲ့သမက်ကUS Citizen