မုန်ညှင်းထုပ် အကာအကွယ်ဖြင့် ကံစမ်းကြသည့် မြန်မာနိုင်ငံသားများ ထိုင်းတွင်အဖမ်းခံရ
=======================
ထိုင်း - မြန်မာနယ်စပ်မဲဆောက်မှတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ၀င်ရောက်နိုင်ရန်အတွက် တဦးလျှင် ထိုင်းဘတ်ငွေ (၂) သောင်းစီ အရင်းအနှီးပြုကာ ကံစမ်းခဲ့ကြသည့် မြန်မာနိုင်ငံသား ၁၄ ဦး မဲမပေါက်ဘဲ ဗလာကျကာ အဖမ်းခံကြရခြင်းဖြစ်သည်။
ယနေ့နေလည်ပိုင်းက မဲဆောက်မြို့မှအထွက် ဒုတိယစစ်ဆေးရေးဂိတ်ဖြစ်သည့် ဝှေ့ညအု (ငါးပိစမ်းချောင်း) ဂိတ်တွင် ဖမ်းဆီးခံကြရခြင်းဖြစ်သည်။
ဗလာကျသည့် မြန်မာနိုင်ငံသား ၁၄ ဦးကို ကားဖြင့်တင်ဆောင်လာသည့် ထိုင်းနိုင်ငံသားလည်း ဖမ်းဆီးခံခဲ့ရသည်။
ထိုင်းစစ်ဆေးရေးဂိတ်တွင်တာ၀န်ကျသူများ မသိနိုင်လောက်ဟုထင်ကာ အဆိုပါမြန်မာနိုင်ငံသား ၁၄ ဦးကို မုန်ညှင်းထုပ်များ အကာအကွယ်ယူကာ သယ်ဆောင်လာခြင်းဖြစ်သည်။
(၈၅) ကီလိုမီတာအကွာအဝေးရှိသော မဲဆောက်မြို့နှင့်တာ့ခ်မြို့အကြားတွင် စစ်ဆေးရေးဂိတ်ကြီး (၂) ခုရှိပြီး မဲဆောက်မြို့အထွက်တွင်ရှိသည့် ပထမဆုံးအဖွဲ့စုံစစ်ဆေးရေးဂိတ်သည် (ဟွေ့ဟင်ဖွန်) စစ်ဆေးရေးဂိတ်ဖြစ်သည်။
မဲဆောက်အခြေစိုက် မီဒီယာသမားတဦးက " မြန်မာနိုင်ငံသားတွေ အဲလိုနည်းနဲ့သွားတာ အလွန်အန္တရာယ်ကြီးတယ် ဂေါ်ဖီထုပ်ကားတွေ မုန်းညှင်းထုပ်ကားတွေ မုန်လာဥကားတွေ အပါအ၀င် မဲဆောက်ကနေတဆင့်ဘန်ကောက်ကို ဟင်းသီးဟင်းရွက်သွားပို့တဲ့ ကားမှန်သမျှကို စစ်ဆေးရေးဂိတ်တွေရောက်ရင် တာ၀န်ရှိသူတွေကနေ သံချွန်အရှည်တွေနဲ့ ထိုးသွင်းပြီးတော့ စစ်ဆေးတာတွေရှိတယ် အကယ်၍လူပါလာလို့ထိုးမိမယ်ဆိုရင် ဘာဖြစ်နိုင်လဲတွေးကြည့်ကြပါ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်က သံချွန်ရှည်နဲ့ထိုးမိတဲ့မြန်မာနိုင်ငံသားတဦး ဘန်ကောက်ရောက်လို့ဖွင့်ကြည့်မှဘဲ သွေးလွန်ပြီးသေနေတဲ့ဖြစ်ရပ်မျိုးလည်းရှိခဲ့တယ် " ဟု ဆိုသည်။
ဖေဖော်ဝါရီ - ၂၇ - ၂၀၂၂
ဓာတ်ပုံ - AEC ထိုင်းသတင်းဌာန
သတင်း - ကရင်အမျိုးသားမီဒီယာ
Comments