ကမ္ဘာကို လက်တွေ့သက်သေပြနိုင်ခဲ့တဲ့ ယူကရိန်းရဲ့ အရပ်သားသမ္မတ

ရက်ပိုင်းအတွင်း အလွယ်တကူ သိမ်းပိုက်နိုင်မယ်လို့ ရုရှားဘက်က ကြိုတင်တွက်ဆခဲ့တဲ့ ယူကရိန်းမြို့တော် ကီယက်ဗ်နဲ့ တခြားမြို့ကြီးတွေဟာ ထူးချွန်ပြောင်မြောက်ပြီး ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ယူကရိန်းတပ်ဖွဲနဲ့ ပြည်သူတွေရဲ့ ရွပ်ရွပ်ချွံချွံ ခုခံမှုတွေကြောင့်သာမက ကျူးကျော်သူ ရုရှားတပ်ဖွဲ့တွေရဲ့ ဗျူဟာအားနည်းချွတ်ယွင်းချက်၊ နယ်မြေမကျွမ်းကျင်မှု၊ ကြိုတင်ပြင်ဆင်မှု ကင်းမဲ့ခြင်း၊ ထောက်ပို့ကွင်းဆက် ပြတ်တောက်ခြင်း၊ ဆန္ဒမပါဘဲ အမိန့်အရ ဆောင်ရွက်ရတာဖြစ်လို့ ခံယူချက်၊ စိတ်အားထက်သန်မှု ကင်းမဲ့ခြင်း၊ ထောက်လှမ်းရေးသတင်းအချက်အလက် မှားယွင်းအားနည်းမှုကြောင့် ပစ်မှတ်တွေ လွဲချော်ခြင်းနဲ့ ရှာမတွေ့ခြင်း စတာတွေကြောင့်ပါ စစ်ပွဲစတင်ပြီး လေးရက်ကျော်လာသည်အထိ အရေးပါတဲ့ နေရာဒေသ၊ မြို့ကြီးနဲ့ လေယာဉ်ကွင်း တစ်ခုတစ်လေကိုမျှ သိမ်းပိုက်နိင်စွမ်း မရှိဘဲ ထိခိုက်ကျဆုံးမှုတွေ များပြားလျက် ရှိနေပါတယ်။ 


ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ကြောင်း ကမ္ဘာကို လက်တွေ့သက်သေပြနိုင်ခဲ့တဲ့ ယူကရိန်းရဲ့ အရပ်သားသမ္မတဟာလည်း မြို့တော်ကနေ တစ်ဖဝါးမှ မခွာတဲ့အပြင် ဗုံးခိုကျင်းလို လုံခြုံရာမှာ ပုန်းအောင်းနေခြင်းမရှိဘဲ တစ်နိုင်ငံလုံးအတွက် စံနမူနာအဖြစ် ဆန့်ကျင်ခုခံကာကွယ်ရေးစစ်ပွဲကို ကိုယ်တိုင်ကိုယ်က ဦးဆောင်ဆင်နွှဲနေတဲ့အပြင် တစ်ကမ္ဘာလုံးက နိုင်ငံ့ခေါင်းဆောင်တွေ၊ အကြီးအကဲတွေနဲ့ပါ အချိန်ပြည့် ဆက်သွယ်မှုရှိနေပြီး အားပေးထောက်ခံမှုတွေ၊ စစ်လက်နက်ပစ္စည်း၊ ငွေကြေး အကူအညီအထောက်အပံ့မျိုးစုံကို ရရှိနေပါတယ်။ တွစ်တာပေါ်ကနေ မိန့်ခွန်း၊ သတင်းစကားနဲ့ ပြည်သူသို့ အသိပေးချက်မျိုးစုံကို အချိန်နဲ့တစ်ပြေးညီ လွှင့်တင်ပေးနေပါတယ်။ အသက် ၁၈ နှစ်မှ ၆၀ အကြား အမျိုးသားတွေ ပြည်ပထွက်ခွာခွင့်ကို ပိတ်ပင်ထားပြီး ကျူးကျော်သူတွေကို ပြည်သူတွေ ရရာလက်နက်စွဲကိုင် တော်လှန်ကြဖို့၊ ဓာတ်ဆီပုလင်းနဲ့ မီးလောင်ဗုံးတွေ ပြုလုပ်တိုက်ခိုက်ကြဖို့ ဆော်သြထားပါတယ်။ 


သမ္မတနဲ့ စိတ်တူကိုယ်တူဖြစ်တဲ့ ပြည်သူတွေဟာလည်း စစ်ပွဲစတင်တဲ့နေ့ကစပြီး တစ်ရက်ကို လူတစ်ထောင်လောက် စစ်မှုထမ်းဖို့ စာရင်းပေးသွင်းနေကြတဲ့အပြင် လက်နက်စွဲကိုင်တော်လှန်ဖို့ ဆုံးဖြတ်ပါဝင်လာသူတွေမှာ လူငယ်အမျိုးသားတွေသာမက လူကြီးပိုင်းတွေနဲ့ အမျိုးသမီးတွေ၊ ပညာရှင်တွေ၊ အတတ်ပညာသည်တွေပါ ပါဝင်လာတာ တွေ့ရပါတယ်။ ပြည်သူအားလုံးရဲ့ ခံယူချက်က ယူကရိန်းဟာ ကမ္ဘာ့မြေပုံပေါ်က ပျောက်မသွားဖို့ အားလုံးအသက်ပေးပြီး ခုခံကာကွယ်မှ ရမယ်လို့ ဖြစ်ပါတယ်။ ပြည်ပရောက် ယူကရိန်းသားအချို့လည်း နိုင်ငံကို ကာကွယ်ဖို့ ပြန်လာကြသလို အိမ်နီးချင်း လစ်သူရေးနီးယား၊ လတ်ဗီးယား၊ ဂျော်ဂျီယာ စတဲ့နိုင်ငံတွေက ပြည်သူအများအပြားကပါ ယူကရိန်းကို ကူညီတိုက်ပွဲဝင်ဖို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြပါတယ်။ နိုင်ငံအများစုနဲ့ ကမ္ဘာ့ပြည်သူ အများအပြားရဲ့ ခံယူချက်က ဒီကိစ္စဟာ ယူကရိန်းတစ်နိုင်ငံတည်းရဲ့ ပြဿနာမဟုတ်ဘဲ အားလုံးရဲ့ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ ဒီမိုကရေစီကို စိန်ခေါ်၊ တိုက်ခိုက်တဲ့လုပ်ရပ်လို့ ခံယူပြီး တုံ့ပြန်နေကြတာ ဖြစ်ပါတယ်။ 


ဒါကြောင့်မို့ ကျူးကျော်စစ် စတင်ပြီး နာရီပိုင်း၊ ရက်ပိုင်းအတွင်းမှာ ကမ္ဘာပေါ်က နိုင်ငံအများစု၊ ခေါင်းဆောင်နဲ့ အစိုးရအများစုရဲ့ တုံ့ပြန်မှုဟာ အလွန်အားကောင်း၊ ပြင်းထန်ပြီး တက်ညီလက်ညီရှိတာကို တွေ့ရပါတယ်။ ရုရှားနိုင်ငံနဲ့ ခေါင်းဆောင်တွေအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုကနေ ဘဏ္ဍာရေးအရ နိင်ငံတကာငွေလွဲမှုတွေ လုပ်ဆောင်လို့မရအောင် SWIFT စနစ်ကို ပိတ်ပင်ဖို့အထိ လုပ်ဆောင်လာကြတဲ့အတွက် ရရှားစီးပွားရေးဟာ ယိုင်နဲ့ပြိုဆင်းဖို့ သေချာသလောက် ဖြစ်နေပါပြီ။ ရုရှားလေယာဉ်တွေကိုလည်း ဥရောပနိုင်ငံအများအပြားက ၎င်းတို့ရဲ့ လေပိုင်နက်တွေကို ဖြတ်သန်းခွင့် ပိတ်ပင်လိုက်သလို ရုရှားလေပိုင်နက်ကိုလည်း မဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရုရှားရဲ့ အဓိကဝင်ငွေရင်းမြစ်ဖြစ်တဲ့ ရေနံနဲ့ ဓာတ်ငွေ့ကို ဝယ်ယူသုံးစွဲနေရတဲ့ ဂျာမနီလို နိုင်ငံတွေကလည်း ဆက်လက်မဝယ်ယူဖို့၊ စာချုပ်တွေဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကမ္ဘာကျော် ရှရှားအရက် ဗော့ဒ်ကာကို နိုင်ငံအချို့မှာ ရောင်းချမှုပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။ ရုရှားဘက်က မတရားကျူးကျော်တိုက်ခိုက်မှုအတွက် ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးက အလွန်ကြီးမားပါတယ်။ ဒါကြောင့်မို့ အခုဆိုရင် ယူကရိန်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စတင်ကမ်းလှမ်း သဘောတူလာရသလို တစ်ဖက်မှာလည်း နောက်ဆုံးလက်နက်ဖြစ်တဲ့ ညူကလီးယားလက်နက်တွေကို အသုံးပြုဖို့ ခြိမ်းခြောက်လာတာ တွေ့ရပါတယ်။ ကမ္ဘာ့ဇာတ်ခုံပေါ်က တရားမှုနဲ့ မတရားမှုတို့ရဲ့ အကြိတ်အနယ်အားပြိုင်မှုကတော့ စိတ်ဝင်စားစရာ၊ အားကျအတုယူစရာ၊ သင်ခန်းစာယူစရာနဲ့ သံဝေဂရစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ အဆုံးမှာ ဘယ်သူအောင်ပွဲခံမယ်ဆိုတာ သဘာဝတရားက ပြဋ္ဌာန်းပြီးဖြစ်ပေမယ့် ရေတိုမှာ ဘယ်သူအောင်ပွဲခံမယ်ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်းပါ။ 


(ဓာတ်ပုံတွေကတော့ စစ်ပွဲမစတင်မီ တစ်လလောက်အလိုကတည်းက မိမိဆန္ဒအလျောက် စစ်သင်တန်းတွေ တက်ရောက်နေကြပြီဖြစ်တဲ့ အရွယ်စုံ၊ နောက်ခံမျိုးစုံက အမျိုးသမီး၊ အမျိုးသားတွေ၊ စစ်ပွဲစတင်ချိန်မှာ စစ်မှုထမ်းအဖြစ် စာရင်းပေးသွင်းဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ အရွယ်စုံအမျိုးသားတွေ၊ ပြည်သူ့စစ်အဖြစ် လက်နက်ကိုင်တော်လှန်ဖို့ ဝင်ရောက်လာတဲ့ တိုင်းပြည်အတွက် ပူပင်သောကရောက်နေကြရှာတဲ့ အိမ်ရှင်မတွေ၊ မီးလောင်ဗုံးလုပ်ဖို့ ပုလင်းလွတ်တွေ စုဆောင်းနေတဲ့ ယူကရိန်းပြည်သူတွေ၊ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေမှာ ၁၇% အထိ ပါဝင်နေတဲ့ အာဂအမျိုးသမီး တပ်ဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံတွေကို သတင်းဌာနတွေက ရယူထားခြင်းဖြစ်ပါတယ်။)

ဝီလျံစန်း


Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️