ယူကရိန်းစစ် မြန်မာတော်လှန်ရေးအတွက် သက်ရောက်မှုရှိလာနိုင်

၂၆ ဖေ ၂၀၂၂


ယူကရိန်းစစ်ဘယ်လောက်အတိုင်းအတာအထိကြီးမားလာနိုင်သလဲ။ မြန်မာတော်လှန်ရေးအတွက် ဘယ်လိုတွေသက်ရောက်မှုရှိလာနိုင်သလဲ။ 


ပင်လယ်၂စင်းကြားသဘောတရား


 ရုရှားရန်နဲ့ပတ်သက်လို့ ဥရောပမှာ ပင်လယ်၂စင်းကြားအတားအဆီး (Intermarium) ဆိုတဲ့ အယူအဆ တခုရှိတယ်။ အဲဒါက ပိုလန်ခေါင်းဆောင် စစ်သူကြီး ဂျိုးဇက်ပီဇူစကီ (Jozef Pilsudski) ကြံဆခဲ့တဲ့ စီမံကိန်းတခုပါ။ ပထမကမ္ဘာစစ်အပြီး ၁၉၂၀ခုနှစ်တွေမှာ စတင်တဲ့အယူအဆဖြစ်တယ်။ ဘောလ်တစ်ပင်လယ်နဲ့ ပင်လယ်နက်ကြားက နိုင်ငံတွေစုစည်းထားဖို့လို့ ဆိုလိုတာပါ။ ဒီနိုင်ငံတွေဟာ နယ်မြေပထဝီဝင်အရ အနောက်အုပ်စုနဲ့ ဆိုဗီယက်ကြားမှာ ရောက်နေပြီး တဘက်ဘက်က ဝင်တိုက်လာရင် တနိုင်ငံတည်း ခံတိုက်တာထက် ပူးပေါင်းတိုက်ဖို့လိုတဲ့အတွက်ဖြစ်တယ်။ အဓိက ကတော့ ဆိုဗီယက် (ရုရှား) က ဝင်တိုက်လာမှာကို တားဆီးဖို့ ဖြစ်တယ်။ သို့သော် အထမမြောက်ခဲ့ဘူး။ သူစိုးရိမ်တာလည်း အဆိုးတော့ မဆိုသာဘူး။ ဒုတိယကမ္ဘာစစ်မှာ ပိုလန်ကို ဂျာမန်ကကော ဆိုဗီယက်ကကော နှစ်ဘက်ညှပ် ဝင်တိုက်ခံရတယ်။ 


အင်တာမာရီယမ်နဲ့ နေတိုး


ဒီတော့ ၂၀ရာစုက အင်တာမာရီယမ် အယူအဆဟာ ဆိုဗီယက်ကွဲအပြီး ရုရှားမှာ ပူတင်ပြန်ထူမတ်လာတော့ ၂၁ရာစုအဝင်မှာ ပြန်စဥ်းစားလာကြတာဖြစ်တယ်။ ၁၉၉၁ ဆိုဗီယက်ပြိုကွဲအပြီးမှာ အရင်အရှေ့ဥရောပက ဆိုဗီယက်ထီးရိပ်အောက်က ကွန်မြူနစ်နိုင်ငံတွေ နေတိုးထဲဝင်လာတာကို ခုနှစ်အလိုက်ခုလိုတွေ့ရတယ်။


၁၉၉၉ - ချက်၊ ဟန်ဂေရီ၊ ပိုလန်


၂၀၀၄ - ဘူဂေးရီးယား၊ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူနီးယား၊ ရိုမေးနီးယား၊ စလိုဗက်ကီးယား၊ စလိုဗေးနီးယား


၂၀၀၉ - အယ်ဘေးနီးယား၊ ခရိုအေးရှား


၂၀၁၇ - မွန်တီနီဂရို


၂၀၂၀ - မြောက်မက်ဆီဒိုနီးယား တို့ဖြစ်တယ်။ 


ယူကရိန်း နဲ့ ဘောလ်တစ်၃နိုင်ငံ


ဒီအချိန်ကာလတွေအရ ပြောမယ်ဆိုရင် ဆိုဗီယက်ပြိုအပြီး နောက်ဆယ်စုနှစ်တခုနီးပါး ရုရှားကော ခွဲထွက်နိုင်ငံတွေကော ပြန်လည်တည်ငြိမ်ဖို့ အလွန်အားထဲ့ရုန်းကန်နေရချိန်တွေဖြစ်တယ်။ အဲဒီ ၂၀ရာစုမကုန်ခင် ၁၉၉၉ လောက်ကနေ နောက်ဆယ်နှစ် ၂၀၀၉ အထိဟာ နေတိုးရဲ့ မြောက်အတ္တလန်တိတ် စစ်အင်အားချဲ့ထွင်နိုင်ချိန်တွေပါပဲ။ 


၂၀၀၄ ဟာ ဆိုဗီယက်ကွဲထွက်နိုင်ငံတွေထဲကနေ ထင်ရှားတဲ့ဖြစ်ရပ်တွေထွက်ပေါ်ခဲ့ချိန်ဖြစ်တယ်။ ၁၉၉၁ ထဲက ခွဲထွက်လာခဲ့တဲ့ ယူကရိန်းမှာ လိမ္မော်ရောင်တော်လှန်ရေး (Orange Revolution) အောင်မြင်တယ်။ အက်စတိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူနီးယား (ဘောလ်တစ်၃နိုင်ငံလို့ပြောရင် ဒီနိုင်ငံတွေကို ဆိုလိုတယ်) နိုင်ငံတွေ နေတိုးထဲဝင်ရောက်နိုင်ခဲ့တယ်။ ရုရှားအတွက်တော့ အမေရိကန်ကျူးကျော်မှုတွေလို့ ခါးသီးနာကျည်း ခဲ့ရချိန်တွေ၊ ဇတ်ခေါင်းကွဲ စူပါပါဝါအထည်ကြီးပျက်အတွက် နိုင်ငံငယ်လေးတွေလုပ်သမျှ ထိုင်ကြည့်နေရချိန်လည်းဖြစ်တယ်။ 


၂၀၁၄ မှာ ယူကရိန်းသမ္မတကို ပြည်သူတွေက ဆန္ဒပြတယ်။ ဥရောပယူနီယံနဲ့ ချုပ်ဆိုမယ်လို့ ကတိပေးထားတဲ့ စာချုပ်ကို ရုရှားဘက်ကတားလို့ ယူကရိန်းသမ္မတက ဖျက်လိုက်တဲ့အတွက်ဖြစ်တယ်။ ယူကရိန်းမတည်ငြိမ်တော့ ရုရှားက ကရိုင်းမီးယား (ယူကရိန်းပိုင် ပင်လယ်နက်ထဲကကျွန်းဆွယ်) ကိုဝင်သိမ်းတယ်။ တပြိုင်တည်းမှာ ခု ခွဲထွက်ပြီလို့ကြေညာတဲ့ ယူကရိန်းနယ်ဖြစ်တဲ့ ဒွန်းဘတ် (Donbas) ကိုဝင်တိုက်တယ်။ 


တူရကီနဲ့ ကော့ကေးဆပ်


ယူကရိန်း ဥရောပယူနီယံကိုဝင်ဖို့ကျိုးစားလို့ ၂၀၁၄မှာဝင်တိုက်ခံရသလို ရှေ့မှာ ‌ဂျော်ဂျီယာမှာလည်း အလားတူ ပြဿနာမျိုးရှိခဲ့တယ်။ အဲဒါက ၂၀၀၈မှာ ရုရှား‌ဂျော်ဂျီယာကို ဝင်တိုက်တာဖြစ်ပြီး ဂျော်ဂျီယာ နေတိုးဝင်ဖို့ ကျိုးစားတာရဲ့ အကျိုးဆက်ဖြစ်တယ်။ ဒီအပိုင်းက ရုရှားရဲ့ ကော့ကေးဆပ်ဘက်ခြမ်း ပြဿနာဖြစ်တယ်။ ကော့ကေးဆပ်ဟာ ပင်လယ်နက်နဲ့ ကက်စဘီယန်ပင်လယ်ကြားဒေသကို ခေါ်ဆိုတာဖြစ်ပြီး ဂျော်ဂျီယာ၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်နဲ့ ရုရှားတောင်ပိုင်းဒေသအချို့ ပါဝင်တယ်။ 


၂၀၂၀ မှာ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်ကြားမှာ နဂိုနို-ကာရာဘတ် ဒေသပိုင်ဆိုင်မှုအငြင်းပွားပြီး စစ်ဖြစ်တာ မှတ်မိကြမယ်ထင်တယ်။ စစ်ကတော့ ဆိုဗီယက်စပြိုတဲ့ အချိန်လောက်က တကြိမ်စဖြစ် တာဖြစ်ပြီး ခုအချိန်က ဒုတိယအကြိမ် စစ်ပွဲကြီးအသွင်ပြန်တိုက်ကြတာဖြစ်တယ်။ အဇာဘိုင်ဂျန်ဟာ တူရကီကျောထောက်နောက်ခံနဲ့ အငြင်းပွားဒေသကို ထိမ်းချုပ်လိုက်နိုင်ပြီး ရုရှားရဲ့ အာမေးနီးယားကို အကူအညီပေးမှုဟာ မအောင်မြင်ခဲ့ဘူး။ 


ရုရှား ကြားခံနယ်မြေ သို့မဟုတ် စစ်မျက်နှာ ၃ဘက်


ဒီတော့ ပူတင်ဟာ ကော့‌ကေးဆပ်ဘက်မှာ အစဥ်အလာရန်သူ တူရကီနဲ့ ကြားခံနယ်မြေကို ဂျော်ဂျီယာ နဲ့ အဇာဘိုင်ဂျန်အဖြစ်ထားလိုတာတွေ့ရတယ်။ ဥရောပကုန်းမြေအတွက် ရုရှားကွဲထွက်ထဲက ရုရှားပြီးရင် ဒုတိယနယ်မြေအကြီးဆုံးနဲ့ စီးပွားရေးအကြီးဆုံး ယူကရိန်းကို သူမပိုင်ရင်တောင်မှ ကြားခံအဖြစ်ရှိလိုတယ်။ ဥရောပရဲ့ နောက်ဆုံးလက်ကျန် အာဏာရှင်နိုင်ငံ ဘီလာရုစ်ကတော့ သူနဲ့ အကြောင်းသင့်ပြီးသားဖြစ်တယ်။ ဘောလ်တစ် ပင်လယ်ဘက် အခြမ်းမှာတော့ ဘောလ်တစ်၃နိုင်ငံကို ကြားခံဇုံအဖြစ်ထားလိုတဲ့ဆန္ဒ ရှိပေလိမ့်မယ်။ ဒီ၃နိုင်ငံက ၁၉၄၀ ဒုတိယကမ္ဘာစစ်အတွင်း စစ်နိုင်ပြီး ဆိုဗီယက်ထဲ ပေါင်းထဲ့ထားတာ ဖြစ်တယ်။  


မြေပုံကိုကြည့်ပါ။ အနီရောင်လိုင်းဆွဲထားတာဟာ နေတိုးအဝင်မခံမယ့်နယ်မြေဖြစ်တယ်။ ယူကရိန်းထဲကိုတော့ ဝင်တိုက်ပေးဖို့ရှိပုံမပေါ်တာတွေ့ရတယ်။ ဒီတော့ ယူကရိန်းမှာ ပူတင်ဟာ နယ်မြေ၂ခုသေချာသွားပြီး နေတိုးနဲ့ အီးယူက ထပ်မချဲ့တော့ပဲ ကြားခံအဖြစ်ထားမယ် ဆိုရင် ယူကရိန်းတနိုင်ငံလုံးကို ဆက်တိုက်ဖို့ လုပ်ချင်မှလုပ်မယ်။ ခုတိုက်နေတာဟာ အပေးအယူလုပ်ဖို့ ကောင်းအောင်လို့ ယူဆမယ်ဆို ရနိုင်တယ်။ ပြန်ဆုတ်ဖို့ပဲ။ သေချာလားလို့မေးရင် လွယ်ကူနေရင်တော့ ရှေ့ဆက်တိုက်မှာပေါ့။ သို့သော် ယူကရိန်းတွေရဲ့ လက်ရှိတုန့်ပြန်မှုကိုကြည့်ပါ။ စစ်အင်အား အပြတ်မသုံးနိုင်ရင် ထင်တိုင်းပေါက်ဖို့မလွယ်ဘူး။ ပူတင်ဟာ စစ်ကို ပြည်တွင်းထောက်ခံမှုလည်း ရမထားဘူး။ အမေရိကန်နဲ့ အီးယူအကူအညီကလည်း ယူကရိန်းခုခံစစ်ထိန်းထားဖို့နဲ့ ရုရှားကို ဆွေးနွေးပြန်ဆုတ်စေဖို့ ရည်ရွယ်လိုပုံရတယ်။ 


အဓိကမှာတော့ အမေရိကန်ဖြစ်တယ်။ အမေရိကန်ဟာ ပူတင်ဘယ်လိုမဆိုဝင်တိုက်မယ်လို့ သတင်းရထားသလို ဖြစ်နေခဲ့တာ ပြင်ဆင်နေခဲတာတွေ့ရတယ်။ ဒီတော့ ပူတင်အတိုက်နဲ့ ဆက်ဖြစ်လာမယ့် အနေအထားတွေအတွက် သူ့မှာအစီအစဥ်တချို့ရှိထားပြီးသားဖြစ်နေနိုင်တယ်။ 


စီးပွားရေး၊ သံတမန်ရေး နဲ့ ၂၀၂၂ နွေဦးအလွန်


ပူတင်ဟာ ယူကရိန်း၊ ဘောလ်တစ်နိုင်ငံတွေနဲ့ ကော့ကေးဆပ်ခြမ်း မျက်နှာစာ၃ဘက်စလုံးကနေ ဒီဒေသတွေကို ပြန်တွန်းဖို့ သူ့မှာ လုံလောက်တဲ့ စီးပွားရေးအနေအထားမရှိဘူး။ တဘက်မှာ တရုတ်ဟာ ယူကရိန်းရဲ့ အကြီးမားဆုံးစီးပွားဘက်ဖြစ်နေတယ်။ အမေရိကန်နဲ့ အီးယူက အခု ရုရှားဘဏ်တချို့ကို ပိတ်ဆို့လိုက်ပြီ။ ဒေါ်လာစနစ်အတွင်း နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ငွေကြေးစီးဆင်းမှုဖြတ်တောက်တဲ့ SWIFT ကုဒ်ကို ပိတ်လိုက်တဲ့ သတင်းတခု ဒီနေ့တွေ့ရတယ် (မှန်ဖို့များပါတယ်)။ အီရန်မှာ ပိတ်ခဲ့တုန်း ကတော့ အီရန်စီးပွားရေးဟာ ချာလပတ်ရမ်းသွားခဲ့တယ်။ 


ရုရှားဟာ အဲလောက်ဆိုးမသွားနိုင်ဘူးဆိုရင်တောင်မှ ခု သူ့စတော့စျေးကွက်အကျနဲ့ ဒေါ်လာလမ်းကြောင်းကနေ ငွေအသွင်းအထုတ်အားလုံး ဘဏ်ကြီးတွေမှာ ပိတ်ခံရရင်တော့ ဆက်ရမ်းကားဖို့ အရှိန်ကျသွားပါလိမ့်မယ်။ ဆိုတော့ အမေရိကန်နဲ့ တရုတ်ဟာ ရုရှားယူကရိန်းစစ်မှာ ဝင်တိုက်မယ့်သဘောမရှိ။ စီးပွားရေးလမ်းကြောင်းက ပိတ်ဆို့တာ ဖေးမတာတွေကိုပဲ လုပ်မယ်လို့ပဲ လတ်တလောအခြေအနေတွေက ထွက်ဆိုတယ်။  


စစ်ရှိန်ဟာ လပိုင်းနဲ့ ပြန်ကျသွားနိုင်တယ်။ အဲသလိုသာဆိုရင် ရုရှားဘဏ်တွေမှာပိတ်မိနေမယ့် စကစနဲ့ အဆက်အနွယ်‌ငွေတွေရယ်၊ ရုရှားယူကရိန်းကနေ စကစဆီ ရောက်လာဖို့မလွယ်တော့တဲ့ လက်နက်နဲ့ အခြားအကူအညီတွေရယ် ဆိုပြီးတွေ့ရမယ်။ 


ပြည်တွင်းနဲ့ နိုင်ငံတကာက ပီဒက်တွေကို ဖိဖိစီးစီးထောက်ပံ့နိုင်ရင်၊ နုဂျီက အီးအေအိုတွေနဲ့ ပီပီပြင်ပြင်ဆွေးနွေးတာ၊ အမေရိကန်အကူအညီကို အသေအချာရယူတာတွေလုပ်နိုင်ရင် ၂၀၂၂ နှစ်ဝက်မှာ စကစရဲ့စစ်ရှိန်ဟာ ထိုးကျသွားဖို့ရှိတယ်။ 


တိုက်ပွဲရှိရင် အောင်ပွဲရှိတယ်။

ကျော်ဇောခိုင်

Comments

Popular posts from this blog

မိန်းမပျိုများကို နေပြည်တော်ရှိ စစ်ကောင်စီတပ်မှ အရာရှိများအား ပြုစုရန် အဓမ္မ စေလွှတ်ခံနေရ

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ပဲခူးတိုင်း မြို့နယ်အချို့တွင် စစ်ကောင်စီက VPN စစ်ဆေးမှုအကြောင်းပြ ငွေညှစ်နေ

အလုံမြို့နယ်တွင် စစ်ကောင်စီတပ်က အသက် ၄ နှစ်အရွယ် ကလေးငယ်ကို မူကြိုကျောင်းအတွင်း ဝင်ရောက် ဖမ်းဆီး

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်