“မြန်မာပြည်ပုံမှန်အခြေအနေ ပြန်ရောက်စေလိုပါက စစ် ကောင်စီရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ် အသိအမှတ် ပြုဖို့ စစ်ကောင်စီနိုင်ငံခြားရေးပြော

”မြန်မာနိုင်ငံကို ပုံမှန်အခြေအနေသို့ ပြန်ရောက်ရှိစေလိုပါက စစ်ကောင်စီရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ်အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့  စစ်ကောင်စီဩဇာခံ နိုင်ငံခြားရေးဝန်ကြီးဌာနက  ဖေဖော်ဝါရီလ ၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ 

ကုလသမဂ္ဂရည်ရွယ်ချက်နဲ့ အခြေခံမူတွေကို လိုက်နာဖို့ ပျက်ကွက်ပြီး မြန်မာနိုင်ငံပြည်တွင်းရေးကို စွက်ဖက်နေတဲ့ နိုင်ငံတချို့နဲ့ လုပ်ပိုင်ခွင့်ကိုကျော်လွန်လုပ်ဆောင်နေတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတချို့ရဲ့ တာဝန်မဲ့ပြောဆိုလုပ်ဆောင်ချက်တွေကိုလည်း ပြတ်သားစွာကန့်ကွက်ပယ်ချ ကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်း ၂ နှစ်ပြည့်ချိန် မြန်မာပြည်ဟာ သာမန် အခြေအနေမဟုတ်ဆိုပြီး သက်တမ်း ၆ လထပ်တိုးခဲ့တဲ့အပေါ်  ကုလသမဂ္ဂအပါအဝင် ကမ္ဘာနိုင်ငံတွေအသီးသီးက မြန်မာစစ်အာဏာရှင်ကို ရှုတ်ချက်ကန့်ကွက် ထုတ်ပြန် ပြောဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကြမ်းဖက်မှုတွေနဲ့ အဖျက်အမှောင့် လုပ်ရပ်တွေ ပိုမိုအားကောင်းလာစေမယ့် ထုတ်ပြန်မှုတွေ ပြုလုပ်နေမယ့်အစား ပြည်သူတွေရဲ့ဆန္ဒနဲ့ အညီ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေးအတွက် စစ်ကောင်စီ ဆောင်ရွက်နေတာတွေကို အပြုသဘော အထောက်အကူပြုသင့်တယ်လို့လည်း ဆိုပါတယ်။

ဒီမိုကရေစီ အခွင့်အရေးမဆုံးရှုံးစေဖို့ တစ်နိုင်ငံလုံးအကြားအလပ်မရှိတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းနေကြောင်း၊  ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်အတွက် မဖြစ်မနေလိုအပ် အကြောင်း၊ နိုင်ငံတချို့နဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတချို့က မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး တိုက်တွန်းနေသော်လည်း တစ်ဖက်မှာ ရွေးကောက်ပွဲကျင်းပရေးစစ်ကောင်စီရဲ့ကြိုးပမ်းချက်ကို ပြစ်တင်ဝေဖန်နေတာ ရှေ့နောက်မညီဘူးလို့လည်းဆိုပါတယ်။

စစ်အာဏာရှင်အနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ ဒီမိုက‌ရေစီဖြစ်စဉ် ပြန်လည်စတင်ဖို့အတွက် အဓိပ္ပာယ်ပြည့်ဝပြီးအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေး‌နွေးမှုအတွက် အခင်းအကျင်း ဖန်တီးဖို့  ဥရောပသမဂ္ဂ (အီးယူ)နဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်က ပူးတွဲကြေညာချက်တရပ်ကို စစ်အာဏာသိမ်း ၂ နှစ်ပြည့်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အလားတူ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူးစ်ကလည်း အာဏာသိမ်းစစ်တပ်ဟာ တရားဝင်မှုအလျဉ်းမရှိကြောင်း၊ စစ်တပ်က အတုအယောင် ရွေးကောက်ပွဲ ကျင်းပကာ တရားဝင်မှုရရှိနိုင်ရေး ကြိုးပမ်းနေတဲ့အပေါ် နိုင်ငံတကာအနေနဲ့ ငြင်းဆန်ကန့်ကွက်ဖို့နဲ့ စုပေါင်းအင်အားဖွဲ့ပြီး အာဏာသိမ်းစစ်တပ်အပေါ် ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

အလားတူ ဗြိတိန်သံအမတ်ကြီး ဘာဘရာ ဝုဒ်ဝပ်ဒ်ကလည်း မြန်မာစစ်တပ်က မြေပြင်မှာ ကျောင်းတွေကို ဗုံးကြဲ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေပြီး ၂၀၂၂ ခုနှစ်အတွင်းမှာဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရပ်သားပြည်သူ အသေအပျောက် ဒုတိယမြောက် အများဆုံးနိုင်ငံဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

စစ်အုပ်စုကိုအထီးကျဖြစ်စေဖို့ ကုလသမဂ္ဂနဲ့အတူ အလုပ်လုပ်နေကြောင်း၊  မိမိတို့အနေနဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ရပ်တည်နေကြောင်း၊ စစ်တပ်အနေနဲ့ တိုင်းပြည်အာဏာကို ပြည်သူတွေ လက်ထဲ ပြန်လည်လွှဲပြောင်းအပ်နှံရမယ့် အချိန်တန်ပါပြီလို့လည်း ဗြိတိန်နိုင်ငံ သံအမတ်ကြီးကပြောပါတယ်။

အာဏာသိမ်း ၂ နှစ်ပြည့်ချိန်မှာ မြန်မာအာဏာသိမ်း စစ် ခေါင်းဆောင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ စစ်ဘက်နဲ့ အရပ်ဘက်က အရာရှိကြီးတွေ၊ လက်နက်ပွဲစား ခရိုနီမိသားစုဝင်တွေနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်နိုင်အောင် လေယာဉ်ဆီ ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေအပေါ် အမေရိကန်၊ ယူ ကေ၊ ဩစတြေးလျနဲ့ ကနေဒါ နိုင်ငံတို့က  ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ အသီးသီး ချမှတ်ခဲ့ပါတယ်။
ဓန


Comments

Popular posts from this blog

UNHCR ဘယ်လိုလျှောက်ကြမလဲ

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို လွှတ်ပေးရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက် အကြမ်းဖက် စစ်ကောင်စီ မလိုက်နာမှု Noeleen Heyzer က လုံခြုံရေးကောင်စီထံ တင်ပြအစီရင်ခံမည်

စစ်ကိုင်းနှင့် မကွေးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

Hotelတွေထဲမှာ Share အများဆုံးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမီး ဒေဝါရွှေ

စစ်ကောင်စီဘက်က နမခဇုန်ကို နည်းဗျူဟာအပြောင်းအလဲလုပ်ဆောင်လာ

မင်းအောင်လှိုင် လော်ဘီ Ben-Menashe ကျဆုံးခန်း

ဂျပန်၏ ဒေါ်လာ သန်း ၆၀ နှင့် ထိုင်း PTTEP ဒေါ်လာ နှစ် ဘီလီယံ မြုပ်နှံရန် ရွှေ့ဆိုင်း

​ဒေါ်‌ဇင်မာအောင် နှင့် အမေရိကန် ရေဒီယို The World တွေ့ဆုံ၊ ဒေါ်လာ တစ်ဘီလီယံ ကိစ္စ၊ no-fly zone၊ ယူကရိန်း အရေး သဘောထား။ ***********************

ရုရှား လက်နက်ဝယ်ယူမှု များမှာ အောင်သောင်းရဲ့ သားများပိုင် IGE ကုမ္ပဏီ ပါဝင်ပတ်သက်

ဒဗမက၏ဇနီး ထမီအလှန်ခံရ