ယူကရိန်း ကို ရုရှ ဘာလို့တိုက်?
သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းကို မေးတယ်။ သမိုင်းကိုဘာလို့သင်တာလဲ? ဆိုတော့ “မအ အောင်” လို့ ပြန်ဖြေတယ်။
ယူကရိန်းကို ရုရှ ဘာလို့ဝင်တိုက်တာလဲ?အလွယ်ဆုံးရှင်းကြည့်ရအောင်။ အစက ကိုယ်လည်းမသိဘူး၊ယေဘုယပဲ။ အခုမှ presentation တခုကြည့်မိလို့၊ သမိုင်းကို ချုံ့ရေးရင် အမှားများတတ်တယ် တဲ့၊ ခွင့်လွှတ်ပါ။ ကိုယ်ပိုင်သမိုင်းနားလည်တာမဟုတ်၊ ဖတ်မှတ်ထားတဲ့အာဘော်တွေသာဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်မတိုင်ခင်က ယူကရိန်း နဲ့ ရုရှ က ကွန်မြူနစ် ဆိုဗီယက် ယူနီယံထဲက နိုင်ငံတွေ ဖြစ်တယ်။ တနိုင်ငံထဲ ဆိုကြပါစို့။ သူတို့တွေ ပြောဆိုတဲ့ စကားအလွန်တူတယ်၊ ရခိုင် နဲ့ ဗမာလို ပေါ့။
၁၉၉၀ မှာ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားတယ်။ ယူကရိန်း နဲ့ ရုရှ ကသီးခြားနိုင်ငံဖြစ်လာကြရော၊ ရုရှက ဧရိယာသိပ်ကြီးတယ်၊ ကမ္ဘာ့အကြီးဆုံးနိုင်ငံ။ ယူကရိန်း က မြန်မာနိုင်ငံလောက်ရှိတဲ့ နိုင်ငံဖြစ်လာတယ်။
ရုရှ နဲ့ ယူကရိန်း က ဥရောပတိုက်နဲ့ အာရှတိုက်… တိုက်၂ တိုက် ဆုံတဲ့နေရာမှာ ရှိကြတယ်။ ရုရှ က ဧရိယာသိပ်ကြီးတော့ အာရှတိုက်ရော ဥရောပထဲပါ ပါတယ်။ ယူကရိန်းက အနောက်ဖက်ပိုင်း ကျတော့ ဥရောပထဲမှာ။
ရုရှက ဥရောပနိုင်ငံတွေကို ရေနံ နဲ့ သဘာဝဓါတ်ငွေ့ရောင်းတာ ပိုက်ဆံအလွန်ရတယ်။ တနှစ် ဒေါ်လာ ဘီလီယံ တရာကျော်ရတယ်။ ရုရှ က နိုင်ငံကလည်းကျယ်တော့ ရေနံ နဲ့သဘာဝဓါတ်ငွေ့သိုက်တွေအများကြီးပဲ၊ ဆော်ဒီအာရေဗျ ထက် ရေနံ ပိုထုတ်နိုင်တယ်။ ရုရှ အဓိကဝင်ငွေက ရေနံ နဲ့ သဘာဝဓါတ်ငွေ့။ ရုရှကနေ ဥရောပ တတိုက်လုံးကို ရောင်းတဲ့ရေနံ နဲ့ သဘာဝ ပိုက်လိုင်းတချို့ က ယူကရိန်း ကို ဖြတ်သွားရတယ်၊ အယင် နိုင်ငံတူတုန်းက ပြဿနာမရှိဘူး၊ ၁၉၉၀ နောက်ပိုင်း နှစ်နိုင်ငံ ဖြစ်လာတော့ ယူကရိန်းက ပိုက်လိုင်းဖြတ်ခတောင်းတယ်။ ရုရှက ယူကရိန်းကို တနှစ် ဘီလီယံ နဲ့ ချီပေးရမယ်။ ပူတင်က နှစ်ပေါင်းများစွာ ပေးရင် အများကြီးပေးရမှာဆိုတော့ အဲ့လောက် မပေးချင်ဘူး၊ စျေးလျော့ဖို့ညှိတယ်၊ ယူကရိန်းကလည်း သူ့နိုင်ငံသစ် ထူထောင်ခါစ ဆိုတော့ မွဲတယ်၊ ငွေလိုတယ်၊ ညှိမရဘူး၊ ပူတင်က အဲ့လောက် မပေးချင်တော့ ယူကရိန်းကို ကွေ့ပြီး ပိုက်လိုင်းအသစ်တွေ ကွေ့ပတ် ဖေါက်ရရော။ ခွဲမစားချင်တဲ့ ပူတင်တင်းတယ်။ အဲ့ဒါ ပြဿနာတချက်။
အမေရိကန်ဦးဆောင်တဲ့ နေတိုး လို့ခေါ်တဲ့ ဥရောပ အုပ်စု က ရုရှ ကို စစ်တိုက်မယ်ဆိုရင် ကြည်းတပ်ဟာ ယူကရိန်းဘက်က တဆင့် ရုရှ ကို ဝင်လာနိုင်တယ်။ ကျန်တဲ့ အပေါက်တွေကနေ ရုရှ ကို ဝင်ဖို့မလွယ်ဘူး။ ရုရှ က ယူကရိန်း အပေါက်ကနေဝင်လာမှာ ကြောက်တယ်။
၂၀၁၀ မှာ ယူကရိန်းဟာ ယူကရိန်း-ရုရှနယ်စပ် အရှေ့ဖက်၊ ဒွန်းညက်စ် မှာတခု၊ အနောက်ဖက် ကာပေးသီးယန်းစ် မှာ တခု ဓါတ်ငွေ့သိုက်တွေ့တယ်၊ တခါ ၂၀၁၂ မှာ ယူကရိန်းနိုင်ငံ ခရိုင်မီးယား ကမ်းရိုးတန်းမှာ သဘာဝ ဓါတ်ငွေ့ ၂ ထရီလီယံကုဗပေ လောက်ရှိတဲ့ဓါတ်ငွေ့သိုက်ကြီး တွေ့တယ်၊ အဲ့ဒီ ဓါတ်ငွေ့သိုက်တွေတူးနိုင်ရင် ယူကရိန်းအဆင်ပြေပြီ။ ဥရောပနိုင်ငံတွေက ရုရှဆီက မဝယ်ပဲ ယူကရိန်းဆီက ပြောင်းဝယ်နိုင်တယ်။
ပူတင် ဟာ ဥရောပ ရဲ့ရေနံ နဲ့ သဘာဝ ဓါတ်ငွေ့ ကို ချုပ်ကိုင်ပြီး နေတိုးကို နိုင်ငံရေး ကစားချင်တယ်။ ယူကရိန်းက သဘာဝဓါတ်ငွေ့သိုက် တွေက သူ့ပါဝါ ကျသွားနိုင်လောက်အောင် ခြိမ်းခြောက်လာနိုင်တယ်။
၂၀၁၂ တုန်းက ယူကရိန်းသမ္မတ ဗစ်တာ ယာနိုကိုဗစ် က ပူတင် နဲ့ အဆင်ပြေတယ်။ ရုရှဖက်ပါတယ်။ ၂၀၁၄ မှာ ပူတင်ဘက်ယိမ်းတဲ့ ယူကရိန်းသမ္မတ ကို ဒီမိုကရေစီ နဲ့ ဥရောပဘက် ယီမ်းတဲ့ ဆန္ဒပြတဲ့လူတွေက ဆန္ဒပြလိုက်တာ သမ္မတ ယာနိုကိုဗစ် ရုရှ ကိုထွက်ပြေးရတယ်၊
ပူတင် က သူ့လူပြုတ်ကျတာနဲ့ လက်သွက်တယ်၊ ယူကရိန်းဆန္ဒပြပွဲမပြီးခင် ယူကရိန်းပိုင် ခရိုင်မီးယားဒေသ ကို တက်သိမ်းပစ်တယ်၊ ခရိုင်မီးယားမှာ သူ့ရေတပ်ရှိလို့၊ ရုရှလူမျိုးတွေ အများစုနေလို့ ၊ သမိုင်းမှာ ခရိုင်မီးယားဟာရုရှ မြေ ဖြစ်ခဲ့လို့ ဘာညာ အကြောင်းပြပြီး လူ ၂ သန်းလောက်နေတဲ့ ယူကရိန်းပိုင်ခရိုင်မီးယား ကို ဒီနေ့အထိပြန်မပေးဘူး။
အဓိက က ခရိုင်မီးယား ရေနံသိုက် ကို ယူကရိန်းက မတူးနိုင်ခင် လက်ဦးမှုယူ ပစ်လိုက်တာ လို့စွပ်စွဲကြတယ်။ နောက် ဓါတ်ငွေ့သိုက်တခု တွေ့ထားတဲ့ ဒွန်းညပ်စ်မှာလည်း ရုရှမျိုးနွယ်စု သူပုန် ကို မွေးပြီး တိုင်းရင်းသား လက်နက်ကိုင်အဖြစ် ရုရှဟာ ယူကရိန်းနယ်ထဲ မီးထိုးနေတယ် လို့ ယူကရိန်းက အော်တယ်။
အဲ့ဒီနောက် ယူကရိန်း-ရုရှ နယ်စပ်မှာ ရုရှကို ထောက်ခံတဲ့ သူပုန်နယ်မြေတွေ ဖြစ်လာတယ်။ ယူကရိန်းက သဘာဝဓါတ်ငွေ့သိုက်တွေ တူးမယ့်ကုမ္ပဏီတွေလည်း ပူတင်ခြောက်ထားလို့ လာမတူးရဲကြတော့ဘူး။
၂၀၁၄ မှာ ပူတင်က အဲ့လိုတွေလုပ်တော့ ယူကရိန်း တွေက ဥရောပ ဘက် ပို ယိမ်းသွားတယ်။ ၂၀၁၄ နောက်သမ္မတတွေက ရုရှ ကို ဆန့်ကျင်သူတွေ ဖြစ်လာတယ်။ ယူကရိန်းတွေက ပူတင့်ကိုကြောက်လာတယ်၊ ပူတင်က ယူကရိန်းကို တဖြေးဖြေးဖဲ့ယူမသွားမှာစိုးပြီး နေတိုးထဲဝင်ချင်တဲ့ စိတ်ဖက် ပိုခိုင်မာလာတယ်။ ပူတင်ကလည်း မင်းတို့ဝင်ရဲ ဝင်ကြည့်… ငါက ဝင်တိုက်မှာ… ဘာညာ နဲ့ အခုတော့ ချကြလေရော။
ပူတင် ကလည်း နိုင်ငံတွေမှာ စစ်ပွဲတွေနဲ့ အရမ်းကစားတယ်၊ နေတိုးကလည်း ပူတင့်ကိုလန့်လို့ စစ်ရေး အပေါက်တွေ ပိတ်ဖို့ကြိုးစားတယ်။ နယ်မြေ နဲ့ ရေနံကလည်း ပူတင့်အာဏာ အတွက် အရေးအကြီးဆုံး ပစ္စည်း။
တိုတိုရေးရရင်တော့ အဲ့ဒီက စတာပဲ။
ရခိုင်၊ ကချင်၊ ဝ၊ တရုတ်၊ EAO တွေ ဓါတ်ငွေ့ပိုက်လိုင်းတွေ geopolitics တွေလည်း မိုးပြိုခဲ့သည်ရှိသော်နဲ့ ကြိုပြီး ဆက်စပ်ကြည့်ပေါ့။ သတိ ပိုတယ်မရှိ။
ကျော်စွာမင်း
Comments