​၂ဒသမ၅ ဘီလီယံ တန်ကြေးရှိ အကြမ်းဖက်စစ်တပ်က သိမ်းထားတဲ့ မြေ

၂ဒသမ၅ ဘီလီယံ တန်ကြေးရှိ အကြမ်းဖက်စစ်တပ်က သိမ်းထားတဲ့ မြေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ က မူဝါဒအရ သိမ်းဆည်းပြီး လေလံတင်ရောင်းချမည်

မတ် ၂ ၊ ၂၀၂၂


ကိုယ်ကျိုးစီးပွားအတွက် ပြည်သူပိုင်မြေတွေကို အကြမ်းဖက်စစ်တပ်က သိမ်းယူထားတဲ့အထဲက တန်ကြေး ၂ဒသမ၅ ဘီလီယံရှိတဲ့ မြေတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မူဝါဒအရသိမ်းဆည်းပြီး လေလံတင် ရောင်းချမှုတွေ ပြုလုပ်သွားမယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြော ကြားလိုက်ပါတယ်။


“သူတို့ ကိုယ်ကျိုးစီးပွားအတွက် ရယူထားတဲ့ အရင်းအမြစ်တွေကို သိမ်းပြီးတော့ နစ်နာသူတွေအတွက် ပြန်လည်အသုံးချသွားဖို့ ဒီမူကို ချလိုက်တာပဲ။ မိုးကောင်းဆေးရုံလိုဟာမျိုး၊ ကန်သာယာဆေးရုံလိုဟာမျိုး” လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က Myanmar Now ကို ပြော ထားတာပါ။


Myanmar Now သတင်းဌာနနဲ့ ဖော်ပြချက်အရတော့ အမျိုးသားညီညွတ်ရေးအစိုးရက  အာဏာသိမ်းစစ် ခေါင်းဆောင်ပိုင် မြေကွက်တွေအပါအဝင် စစ်တပ်သိမ်းယူထားတဲ့ ရန်ကုန်မြို့က နေရာကောင်း အကွက်ကောင်း မြေကွက် ၂၅ ခုမှာ တန်ဖိုးအားဖြင့် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန်ကြေးရှိပြီး အဲဒီအကွက်တွေကို လေလံတင် ရောင်းချမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။


ဒီလိုပြုလုပ်မယ့် အစီအစဉ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ထုတ်ပြန်ခဲ့တဲ့ တပ်ပိုင်မြေနဲ့ စပ်လျဉ်းတဲ့ မူဝါဒ တွေနဲ့ ဆက်စပ်ပြီး လုပ်ဆောင်တာဖြစ်တယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။


အကြမ်းဖက်ခေါင်းဆောင် မိသားစု စီးပွားရေးအတွက် သိမ်းယူထားတဲ့ ရန်ကုန်မြို့နယ်၊ မိုးကောင်းလမ်းပေါ်က ၁၀ ဧကကျယ်ပြီး ဆေးရုံဆောက်ထားတဲ့ မြေနေရာက အမေရိကန်ဒေါ်လာ သန်း ၁၀၅ အထိ တန်ကြေးရှိတယ်ဆို ပြီးတော့လည်း စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက တွက်ချက်ပြထားပါတယ်။


ဝန်ကြီးဌာနရဲ့ မူဝါဒအရ တပ်သိမ်းမြေတွေကို ပြန်လည်သိမ်းဆည်းပြီး လေလံတင်ရောင်းချလို့ရလာတာတွေကို CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေအတွက် အိမ်ရာဆောက်လုပ်တာ၊ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက် ဆီးထားတဲ့ ကျေးရွာတွေကို ပြန်လည်တည်ဆောက်ပေးတာနဲ့ ပြန်လည်ကုစားပေးတဲ့ လုပ်ငန်းတွေမှာ အဓိက ဦး စားပေးအဖြစ် အသုံးပြုသွားမှာလည်းဖြစ်ပါတယ်။


တပ်သိမ်းမြေနေရာတွေကို လေလံတင်ရောင်းချမှာဖြစ်ပေမယ်လည်း မင်္ဂလာဒုံမြို့နယ် ပြည်လမ်း ၁၇ မိုင်ရှိ ဗဟိုထောက်လှမ်းရေးတပ်(ရေကြည်အိုင်) တည်ရှိရာ ၆၃ ဧကအကျယ်နေရာကိုတော့ ပြန်လည်ရောင်းချတာမျိုး မလုပ်ဘဲ နာဇီအကျဉ်းစခန်းလိုမျိုး အထိမ်းအမှတ်နေရာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

 

CDM ဗိုလ်ကြီးဇင်ယော်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်ရှိထုတ်ပြန်လိုက်တဲ့စာရင်းတွေက လူသိ များတဲ့နေရာတွေက စာရင်းပဲဖြစ်ပြီးတော့ လူမသိသေးဘဲ စစ်ဗိုလ်ချုပ်တွေ လက်ဝါးအုပ်ထားတဲ့ မြေနေရာ များ စွာရှိသေးတယ်လို့ ဆိုပါတယ်။


"NUG အစိုးရက ဒီဟာတွေ လုပ်မယ်ဆိုရင် စစ်ခေါင်းဆောင်တွေ၊ စစ်ဗိုလ်ချုပ်တွေ တုန်လှုပ်၊ ချောက်ချားသွားမှာ အသေအချာပဲ။ ဘာလို့လည်းဆိုတော့ သူ့လူတွေ သေသွားတာထက် ပိုဆိုးတယ်လေ။ သူတို့ ကိုယ်ကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်မှာ" လို့ ဗိုလ်ကြီးဇင်ယော်က Myanmar Now ကို ပြော ထားပါတယ်။


Justice for Myanmar အဖွဲ့ကလည်း အကြမ်းဖက်စစ်တပ်က သိမ်းဆည်းထားတဲ့ မြေတွေထဲက စီမံကိန်းတွေ ကိုလုပ်ဆောင်နေပြီး အဲဒီလုပ်ဆောင်နေတဲ့စီမံကိန်းတွေကနေ ကန်ဒေါ်လာသန်းနဲ့ချီပြီး နှစ်စဉ်ရရှိနေတယ်လို့ ထောက်ပြထားပါတယ်။


ဓာတ်ပုံ - မင်းအောင်လှိုင်မိသားစု စီးပွားရေးအတွက် တပ်သိမ်းမြေ ၁၀ ဧကကို ဆေးရုံဆောက်လုပ်ခဲ့တာပါ။ တန်ကြေးကကန်ဒေါ်လာ ၁၀၅ သန်းတန်ကြေးရှိပါတယ်။

#SpringReovlution

#PVTV 

#PVTVNews

#PVTV ရဲ့ သတင်းများကို Telegram Channel - https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Comments

Popular posts from this blog

“ယူကရိန်း အတွက် လေယာဥ်တွေပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက်အကောင်အထည် ဖော်ဖို့ခက်

အာဆီယမ် အမေရိကန်ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း

နေဝင်းစတိုင်ဖမ်းလာတဲ့သောင်းလှိုင်သား

အပစ်ရပ် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမည်

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

မြန်မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ်မတ််ရပ်တည်ကြောင်း အီးယူထုတ်ပြန်

အသံတိတ်လူသတ်သမားတွေ