တဖြုတ်ဖြုတ်နဲ့ကြွေ ပြီး တဖုတ်ဖုတ်နဲ့ပြုတ်ကျနေတယ်ဆိုတဲ့ ဝီရသူ

 

 





အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများကို စစ်ကောင်စီ ဂုဏ်ပြု
ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းက ဦးဝီရသူကို လှူဖွယ်ပစ္စည်းဆက်ကပ်စဉ်

By ဧရာဝတီ 21 February 2023

ရန်ကုန်တိုင်းစစ်ဌာနချုပ်သည် စစ်ကောင်စီခေါင်ဆောင် မင်းအောင်လှိုင်ပေးသည့် သီရိပျံချီဘွဲ့များကို အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီး ဦးဝီရသူ အပါအဝင် ဘုန်းကြီး နှစ်ပါးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပေးအပ်ခဲ့သည်။

ထိုအခမ်းအနားကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှ အဓိကအားဖြင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ငွေကြေးထောက်ပံ့လှူဒါန်းထားသည့် သီရိမင်္ဂလာ မဟာသာသနဗိမ္မာန်တွင် ကျင်းပခဲ့သည်။

လွန်ခဲ့သောနှစ် ဇူလိုင်လက ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ လေးဦးကို ကြိုးပေးရာတွင် ကြီးကြပ်သည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေလည်း ထိုအခမ်းအနားသို့ တက်ရောက်သည်။

အခြားတက်ရောက်သူများတွင် စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးများ၊ စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမျိုးဇော်သိန်း၊ ဦးသိန်းစိန်အစိုးရတွင် လျှပ်စစ်ဝန်ကြီးလုပ်ခဲ့သူ ရန်ကုန်တိုင်း USDP ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ အစွန်းရောက် မဘသ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအသင်းဝင်များနှင့် စစ်တပ်လိုလားသည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းဝင်များ ပါဝင်သည်။
ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းက ဦးဝီရသူကို သီရိပျံချီဘွဲ့ ဆက်ကပ်ကာ ဦးမျိုးဇော်သိန်းက ဇွဲကပင်ဆရာတော် ဘဒ္ဒန္တ ကဝိဓဇကို သီရိပျံချီဘွဲ့ ဆက်ကပ်ပြီး ဗိုလ်ချုပ် ညွန့်ဝင်းဆွေက ထိုဘုန်းကြီး နှစ်ပါးကို လှူဒါန်းမှုများ ပြုလုပ်သည်။
ဦးဝီရသူသည် လူမျိုးရေး ဘာသာရေး အမုန်းစကားများအတွက်ကျော်ကြားသူဖြစ်သည်။ တိုင်းမ် မဂ္ဂဇင်းက “ဗုဒ္ဓဘာသာ ဘင်လာဒင်” ဟု ခေါ်သော ထိုဘုန်းကြီးသည် ယခုဖမ်းဆီးခံထားသည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောဆိုသောကြောင့် စွဲချက်တင်ခံရပြီး ၂၀၁၉ ခုနှစ်တွင် တနှစ်ကျော် ထွက်ပြေးခဲ့ရသူဖြစ်သည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် သွားရောက်အဖမ်းခံပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ပြန်လွှတ်ပေးခံရသည်။
အထက်ပါ အခမ်းအနားတွင် USDP က သီရိပျံချီ ဘုန်းကြီး နှစ်ပါးအတွက် ကျပ် သိန်း ၃၀ လှူပြီး မဘသနှင့် အခြားအမျိုးသားရေး အစွန်းရောက်များက ကျပ် သိန်း ၇၀၀ ကျော်လှူသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တသက်တာနာယကဖြစ်သည့် YMBA ကလည်း ထိုဘုန်းကြီး နှစ်ပါးကို ‘အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ’ ဘွဲ့များကို ပေးသည်။ YMBA သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ထိုဘွဲ့ပေးခဲ့ဖူးသည်။

USDP ဒုဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းနှင့် ရန်ကုန်တိုင်း USDP ဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့က အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသကို နဝကမ္မငွေ လှူဒါန်းကြစဉ်

နောက်တနေ့တွင် ယခင်မဘသ ခေါင်းဆောင်ဟောင်း အင်းစိန်ရွာမ ဆရာတော်၏ ၈၄ နှစ်မြောက်မွေးနေ့ကို အင်းစိန်ရှိ ဘုန်းကြီးကျောင်းတွင် ကျင်းပသည်။ ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဦးမျိုးဇော်သိန်း၊ ဦးခင်မောင်စိုးနှင့် အင်းစိန် USDP ဥက္ကဋ္ဌ ဦးမင်းသူထွန်းတို့ တက်ရောက်သည်။

ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဦးမျိုးဇော်သိန်းတို့က အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသကို ကျပ် သိန်း ၃၀ စီ လှူဒါန်းကြသည်။ စစ်ကောင်စီက လွန်ခဲ့သောနှစ်တွင် အင်းစိန်ရွာမဆရာတော်ကို အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့ ဆက်ကပ်ခဲ့ပြီး ဖြစ်သည်။

USDP ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီသည် ဦးတိလောကာဘိဝံသကို ပြီးခဲ့သည့် ဒီဇင်ဘာလတွင် တွေ့ဆုံခဲ့သည်။ ယခင် မဘသ ဥက္ကဋ္ဌထံမှ ဆုံးမသြဝါဒ ခံယူသည်ဟု ဦးခင်ရီက ပြောသည်။

မွတ်ဆလင် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန် တောင်းဆိုသည့် အစွန်းရောက် အမျိုးသားရေး လှုပ်ရှားမှု ၉၆၉ မှ မဘသကို ၂၀၁၂ ခုနှစ်တွင် တည်ထောင်သည်။ ၂၀၁၃ ခုနှစ်တွင် ၉၆၉ အဖွဲ့ဝင်များသည် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်းဟုခေါ်သည့် မဘသကို ဖွဲ့စည်းသည်။

ထိုအုပ်စု၏ အမုန်းစကားများကြောင့် ယခုဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ထိပ်တိုက်တွေ့သည်။ နောက်ဆုံး ၂၀၁၇ ခုနှစ်တွင် မဘသကို မတရားသင်းအဖြစ် ကြေညာသောအခါ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းဟု အမည်ပြောင်းခဲ့သည်။

မဘသကို လိုအပ်ကြောင်းနှင့် ဗုဒ္ဓဘာသာအတွက် ထောက်ခံရမည်ဖြစ်ကြောင်း မြန်မာစစ်တပ်ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ၂၀၁၉ ခုနှစ်တွင် ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို တိုက်ခိုက်ရန်အတွက် မဘသကို စစ်တပ်က အသုံးချသည်။ ဦးဝီရသူက NLD အစိုးရကို ဝေဖန်တိုက်ခိုက်သည့်အပြင် NLD ကို ဝေဖန်သည့် စာစောင်များလည်း ထုတ်ဝေသည်။

ထိုအဖွဲ့သည် လွန်ခဲ့သောနှစ်အနည်းငယ်တွင် လှုပ်ရှားမှုနည်းလာသော်လည်း ပျောက်ကွယ်မသွားဘဲ စစ်တပ်နှင့် USDP က ကျားကန်ပေးထားသည်။ ဗုဒ္ဓဘာသာကို ကာကွယ်ရန် ပျက်ကွက်သည်ဟု NLD ကို စွပ်စွဲကြသော စစ်ခ
ေါင်းဆောင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များသည် ဘာသာရေးကို ကိုယ်ကျိုးအတွက် အသုံးချနေပြီး အဆိုပါ ဘုန်းကြီးများကလည်း လဒ်လာဘမျှော်ကိုးနေကာ အကျင့်သိက္ခာမဲ့ကြကြောင်း လူအများကြား ဝေဖန်နေကြသည်။

Comments

Popular posts from this blog

UNHCR ဘယ်လိုလျှောက်ကြမလဲ

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို လွှတ်ပေးရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက် အကြမ်းဖက် စစ်ကောင်စီ မလိုက်နာမှု Noeleen Heyzer က လုံခြုံရေးကောင်စီထံ တင်ပြအစီရင်ခံမည်

စစ်ကိုင်းနှင့် မကွေးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

Hotelတွေထဲမှာ Share အများဆုံးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမီး ဒေဝါရွှေ

စစ်ကောင်စီဘက်က နမခဇုန်ကို နည်းဗျူဟာအပြောင်းအလဲလုပ်ဆောင်လာ

မင်းအောင်လှိုင် လော်ဘီ Ben-Menashe ကျဆုံးခန်း

ဂျပန်၏ ဒေါ်လာ သန်း ၆၀ နှင့် ထိုင်း PTTEP ဒေါ်လာ နှစ် ဘီလီယံ မြုပ်နှံရန် ရွှေ့ဆိုင်း

​ဒေါ်‌ဇင်မာအောင် နှင့် အမေရိကန် ရေဒီယို The World တွေ့ဆုံ၊ ဒေါ်လာ တစ်ဘီလီယံ ကိစ္စ၊ no-fly zone၊ ယူကရိန်း အရေး သဘောထား။ ***********************

ရုရှား လက်နက်ဝယ်ယူမှု များမှာ အောင်သောင်းရဲ့ သားများပိုင် IGE ကုမ္ပဏီ ပါဝင်ပတ်သက်

ဒဗမက၏ဇနီး ထမီအလှန်ခံရ