FOEIM ကျောင်းသား ၃၀၀ ကျောင်း သားမိဘများ လိုအပ်ပါက အရေးပေါ် နေရာ ပြောင်းရွှေ့ရန် အကြံပြု

စစ်တပ်ထံ FOEIM ကျောင်းသား ၃၀၀ ၏ အမည်၊ဖုန်းနံပါတ်၊ ဖခင်အမည် များ ပေါက်ကြားမှု မိဘများ ခြိမ်းခြောက် ငွေညှစ်ခံရမှုတချို့ ဖြစ်ပေါ်နေ၊ ကျောင်း သားမိဘများ လိုအပ်ပါက အရေးပေါ် နေရာ ပြောင်းရွှေ့ရန် အကြံပြု


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ခေတ်သစ်


အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်လော်ဘီများက FOEIM ကျောင်း သား ၃၀၀ ၏ အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်နှင့် တယ်လီဂရမ် နံပါတ်၊ ဖခင်ဖြစ်သူအမည် ဆိုင်ရာ အချက်အလက်များ ၎င်းတို့ထံ ပေါက် ကြား လာကြောင်း ဖော်ပြပြီးနောက် ဖုန်းဆက်၍ ခြိမ်းခြောက် ငွေညှစ်ခံရမှုများရှိနေကြောင်း ကျောင်းသား မိဘတချို့ထံမှ သိရှိရသည်။ 

"မနေ့ညက ၁၂ နာရီလောက်ထင်တယ်။ ထောင်မကျချင်ရင်၊ အကြမ်းဖက်မှု ဥပဒေနဲ့ ပိုင်ဆိုင်မှုတွေ ချိတ် ပိတ်မခံချင်ရင် ငွေ သိန်း ၁၀၀ ပေးရမယ်။ Wave သို့မဟုတ် K-pay ကနေ လွှဲပေးရမယ်။ နို့မဟုတ်ရင် ဖုန်းနံပါတ်ကို Register လုပ်ထားတဲ့လိပ်စာကနေ လိုက်ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ အဲဒါနဲ့ ဖုန်းချပစ်လိုက်တယ်။ အဲဒီဖုန်းကတ်ကို ထုတ်လိုက်တယ်။ ဖုန်းနံပါတ်ကို မှတ်ပုံ တင်ထားတဲ့ လိပ်စာကနေ ညတွင်းချင်း ရပ်ကွက်ထဲ အခြားနေရာတစ်ခုကို မိသားစုလိုက် ရွှေ့လိုက်တယ်။ ဒီနေ့တော့ အခြားမြို့နယ် ပြောင်းနေမယ်" ဟု FOEIM ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။ 

အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးကလည်း စစ်ကောင်စီလက်အောက်ခံ စစ်လော်ဘီများက FOEIM တွင် တက်ရောက်သည့် ကျောင်း သား ၃၀၀ ၏ အမည်၊ ဖုန်းနံပါတ်၊ ဖခင်အမည်၊ အီးမေးလ်နှင့် တယ်လီဂရမ်နံပါတ်များကို ဖော်ပြထားသော အချက်အလက်များ ပေါက်ကြားသွားသဖြင့် သတိပြုကြရန် တိုက်တွန်းထားပြီး အရေးပေါ် လုပ်ဆောင်ရန် အချက် ၄ ချက်ကို ထုတ်ပြန်သည်။ 

အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးက တိုက်တွန်းရန် လုပ် ဆောင် ထားသည့် အရေးပေါ် အချက် ၄ ချက်မှာ  


၁။ Data ပေးစဥ်တွင်ဖော်ပြခဲ့သော Sim Card ဖုန်းနံပါတ်များအား အသုံးပြုမှုယာယီရပ်နားထားခြင်း၊


၂။ မိမိ၏ Device များအတွင်းရှိသော တော်လှန်ရေးဆိုင်ရာ Data အချက်အလက်များအားဖျက်ထားခြင်း၊


၃။ မိမိ၏အိမ်နေရာဌာနတွင် သတိနှင့်နေထိုင်ခြင်း၊


၄။ မိမိ၏ ဖုန်းSim Cardများအသုံးပြု၍ဖုန်းပြောရာတွင် တော်လှန်ရာဆိုင်ရာစကားလုံးများအားထည့်သွင်း ဖော်ပြမှုမပြုခြင်း တို့ပြုလုပ်ကြပါရန် အထူးတိုက်တွန်းနှိုးဆော်ထားသည်။ 


အချက်အလက်ပေါက်ကြားမှုနှင့်ပတ်သက်၍ FOEIM၏ တာဝန်ရှိပုဂ္ဂိုလ်များမှ တာဝန်ခံစေရန်၊ သတင်းပေးဒလန်အားအမြန်ဆုံးဖော်ထုတ်ပေးရန် တိုက်တွန်းနှိုးဆော်အပ်ကြောင်း အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးက ထုတ်ပြန်ထားသည်။ 

"ပေါက်ကြားသွားတဲ့ အချက်အလက်တွေမှာ မှတ်ပုံတင်နံပါတ်တို့ လိပ်စာတို့ တိုက်ရိုက် ပါသွားတာတော့ မရှိဘူး။ ဒါပေမယ့် ဖုန်းနံပါတ်နဲ့ ကျောင်းသားနာမည်။ ဖခင်နာမည်တွေပါနေတော့ နာမည်အရင်း မပေးထား ရင်တော့ ကောင်းတယ်။ နာမည်အရင်း ပေးထားရင် ဖုန်းကို Register လုပ်ထားတဲ့ မှတ်ပုံတင်နံပါတ်၊ လိပ်စာကနေ လိုက်လာနိုင်တယ်။ အဲဒီတော့ အချိန်ရပါတယ်။ ချက်ချင်းကြီး သူတို့ လာမဖမ်းနိုင်ဘူး။ အဓိက လုပ်သင့်တာက အချက်အလက်ထဲမှာ ပေးထားတဲ့ ဖုန်းနံပါတ်၊ အီးမေးလ်၊ တယ်လီဂရမ်ကို မသုံးနဲ့တော့။ ဖြစ်နိုင်ရင်တော့ နေရာပြောင်းရွှေ့နေပါလို့ အကြံပြုချင်ပါတယ်" ဟု ရန်ကုန်မှ နည်းပညာကျွမ်းကျင်သူတစ်ဦးက အကြံပြု ပြောဆိုသည်။ 

Free Online Educational Institution Myanmar- FOEIM သည် ကြားကာလတွင် ပြည်သူ့ပညာရေးတည်ဆောက်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးကို စဉ်ဆက်မပြတ်ရရှိစေခြင်း စသည့်ရည်ရွယ်ချက်တို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ကြားကာလပညာရေးကျောင်းဖြစ်ကြောင်း၊ NUG ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်လျက်ရှိသော ကျောင်းဖြစ်ကြောင်း အဆိုပါကျောင်းက ထုတ်ပြန် ကြေညာထားသည်။




Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်