လိပ်သိုမြို့မှာ စစ်တပ်လက်နက်ကြီးကြောင့် လေးဦးဒဏ်ရာရပြီး တစ်ထောင်ကျော် ထွက်ပြေးရ

RFA Burmese
2023.02.21

လိပ်သိုမြို့မှာ စစ်တပ်လက်နက်ကြီးကြောင့် လေးဦးဒဏ်ရာရပြီး တစ်ထောင်ကျော် ထွက်ပြေးရ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ လက်နက်ကြီးထိမှန် ပျက်စီးသွားသည့် နေအိမ်အချို့ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့မှာ ဖေဖော်ဝါရီ ၂၁ ရက် ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်တပ်က လူနေရပ်ကွက်တွေဆီ လက်နက်ကြီးနဲ့ ပစ်ခတ် ခဲ့တာကြောင့် အရပ်သား လေးဦး ဒဏ်ရာရပြီး တစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒဏ်ရာရသူတွေကတော့ အသက် ၅၀ အရွယ် ဦးအေးမောင်၊ အသက် ၂၀ ဝန်းကျင် သားကြီးဖြစ်သူနဲ့ သားငယ်အပြင် နောက်ထပ် ကလေးငယ်တစ်ဦးလည်း ခြေထောက်နဲ့ လက်တွေမှာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လိပ်သိုမြို့ ဇလဲကျေးရွာမှာရှိတဲ့ စစ်ဆေးရေးစခန်းကို KNLA ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာပါ။ အဲဒီနောက်မှာ စစ်ကောင်စီရဲ့ ခမရ (၆၀၃) တပ်ရင်းရှိရာ ကုန်းမြင့်ကနေ လိပ်သိုမြို့ လူနေရပ်ကွက်တွေထံ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘုရားကျောင်း တစ်ကျောင်းအပါအဝင် နေအိမ် ၁၀ လုံးကျော် ထိခိုက် ပျက်စီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

“အခု လက်ရှိ လိပ်သိုမြို့ အဝင်အထွက် ပိတ်ထားတယ်။ တော်တော်များများ ပြေးကြတယ်။ မနက် ၅ နာရီ စောစောစီးစီး အလန့်တကြားဆိုတော့ စစ်ဖြစ်တယ် ထင်ကြတာပေါ့။ ခန့်မှန်းလူဦးရေ တစ်ထောင်ကျော်တော့ ထွက်ပြေးနေရတယ်။ လက်နက်ကြီးကြောင့် ဘုရားကျောင်း တစ်ကျောင်းလည်း ပျက်စီးတယ်။ နေအိမ် ၁၀ လုံးကျော်လည်း ပျက်စီးတယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသတွင်းမှာလှုပ်ရှားနေတဲ့ KNLA ပူးပေါင်းတပ် အဖွဲ့ဝင်တချို့ကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းရာမှာ လိပ်သိုမြို့အနီး တောင်ငူ-လွိုင်ကော် ကားလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးစခန်းတစ်ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

တိုက်ပွဲအခြေအနေ၊ ဒေသခံတွေ ဒဏ်ရာရမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေတွေ သိနိုင်ဖို့ လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဌာနကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ပဋိပက္ခနဲ့ အိုးအိမ်မလုံခြုံမှုတွေကြောင့် ကရင် ပြည်နယ်မှာ လူဦးရေ တစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။


Comments

Popular posts from this blog

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရ

UNHCR ဘယ်လိုလျှောက်ကြမလဲ

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

ငွေတောင် ဆိုင်ပိုင်ရှင်မိသားစုများ

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

ဝီရသူက PDF ဖြိုခွဲရေး ဟောပြော

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း