NDF ပါတီကနေ ဗဟိုဦးစီးကော်မတီအဖွဲ့ဝင် တွေ နုတ်ထွက်

ဦးခင်မောင်ဆွေ ဦးဆောင်ခဲ့တဲ့ NDF ပါတီကနေ ဗဟိုဦးစီးကော်မတီအဖွဲ့ဝင် လေးဦး ပါတီက နုတ်ထွက်

ဓာတ်ပုံ ရင်းမြစ်, AFP  ဘီဘီစီ

ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲဝင်မယ့် ပါတီအဖြစ် NDF မှတ်ပုံတင်မယ်လို့ ပြော

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်တုန်းက အမျိုးသားဒီမိုကရေစီအင်အားစု NDF ရဲ့ နဝမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေးကို ကျင်းပပြီးတဲ့နောက် ပါတီအနေနဲ့ ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီအဖြစ် မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပါတီဝင်တွေကနေ သိရပါတယ်။

အစည်းအဝေးမှာ တိုင်းဒေသကြီးကိုယ်စားပြုအနေနဲ့ပဲ တနိုင်တပိုင်ပါဝင်ယှဉ်ပြိုင်ဖို့ လိုလားသူတွေလည်း ရှိခဲ့ကြပြီး အခုလိုဆုံးဖြတ်ချက်ထွက်ခဲ့ပြီးတဲ့နောက် ရည်ရွယ်ချက်တွေမတူတော့တာကြောင့်လို့ဆိုကာ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းမောင်၊ အထွေထွေအတွင်းရေးမှူး ဦးအောင်ဇင်၊ အတွင်းရေးမှူး ၁ ဦးတိုးတိုး၊ CEC အဖွဲ့ဝင် ဦးမြင့်သိန်းအပါ ၄ ဦး ပါတီက နှုတ်ထွက်ခဲ့ကြပါတယ်။

"ပြည်ထောင်စုအဆင့်ဆိုရင်က စိန်ခေါ်မှုတွေများမယ်၊ တာဝန်မယူနိုင်တော့တဲ့ အတွက်ထွက်လိုက်တာပါ။ တသီးပုဂ္ဂလအနေနဲ့ ပြန်ပြိုင်ဖို့လည်းမရှိပါဘူး၊ နိုင်ငံရေးကို စိတ်ကုန်သွားကြတာပါ။ နိုင်ငံရေးသမားတွေအားလုံးက ရိုးသားကြဖို့၊ ပြည်သူကိုပွင့်လင်းမြင်သာစွာ ချပြဖို့နဲ့ ပြည်သူကို မလိမ်ဖို့လိုတယ်" လို့ အထွေထွေအတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအောင်‌ဇင်က ဘီဘီစီကိုပြောပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီဟာ လက်ရှိမှာ ဗဟိုဦးစီးကော်မတီအဖွဲ့ဝင်အသစ်တွေနဲ့ ပြန်လည်ဖွဲ့စည်းထားတာဖြစ်သလို အာဏာသိမ်းစစ်ကောင်စီရဲ့ ကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦး‌ခင်မောင်ဆွေလည်း ပါတီဥက္ကဋ္ဌတာဝန်ကနေ အစောပိုင်းကတည်းက ထမ်းဆောင်တာမရှိတော့ပါဘူး။

NDF ပါတီ ဥက္ကဋ္ဌဖြစ်ခဲ့သူ ဦး‌ခင်မောင်ဆွေက အာဏာသိမ်းစစ်ကောင်စီရဲ့ ကောင်စီဝင်အဖြစ်နှစ်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး အခုနောက်ဆုံး ခြောက်လ သက်တမ်းတိုးချိန်မှာတော့ စစ်ကောင်စီရဲ့ အကြံပေးအဖွဲ့မှာ တာဝန်ယူထားတာဖြစ်ပါတယ်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ ခွဲထွက်လာတဲ့ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်တို့ ဦးဆောင်ပြီး NDF ပါတီကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ဦးသိန်းညွန့်ကလည်း NDF ပါတီကနေ နုတ်ထွက်ပြီး အမျိုးသားဒီမိုကရေစီပါတီသစ် အမည်နဲ့ ပါတီတည်ထောင်ခဲ့ပါတယ်။

----------------------------------

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌနဲ့ ရုရှားသံအမတ်တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, U Khin Yi Facebook

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ဟာ မနေ့ ဖေဖော်ဝါရီ ၂၀ ရက် တစ်ရက်တည်းမှာတင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Nikolay Listopadov ‌ရော ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Alexander osttrovskiy တို့နဲ့ပါ ‌တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဦးခင်ရီက သူ့ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်ဝါဒကိုအခြေခံတဲ့ လူတစ်စု (မူရင်းအရေးအသားဖြစ်ပါတယ်) နဲ့ အနာဂတ်လူငယ်တွေအကြောင်းအပါအဝင် ရုရှား-မြန်မာ နှစ်နိုင်ငံပါတီချင်း ပူးပေါင်းဆောင်ရွက်တာ တိုးမြှင့်ဖို့အတွက်ပါ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက ရုရှားရဲ့ အထင်ကရပါတီ ဖြစ်တဲ့ United Russia ပါတီနဲ့ ဆက်သွယ်ရေး ပိုတိုးမြှင့်ပေးမယ့် ဆက်ဆံရေးတည်ဆောက်ဖို့ဆိုပြီး ရုရှားကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံမှုတွေ ဆက်တိုက်ရှိခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ ဗဟိုအလုပ်အမှုဆောင်အသစ် ပြန်ဖွဲ့စည်းပြီးနောက်ပိုင်း ပထမအဆင့် နိုင်ငံရေးခြေလှမ်းဆိုပြီး ရက် ၉၀ စီမံချက်ချမှတ်ကာ ပါတီစည်းရုံးရေးဆိုင်ရာ လှုပ်ရှားမှုတွေ၊ အာဏာသိမ်းစစ်ကောင်စီက ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စရပ်တွေအပြင် ပါတီဝင်လုံခြုံရေးဆိုင်ရာကိစ္စတွေအတွက်ပါ လှုပ်ရှားမှုခပ်စိတ်စိတ်ရှိနေတာဖြစ်ပါတယ်။

တဖက်မှာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထောက်တိုင်တွေလို့ဆိုကာ နိုင်ငံတဝန်းက ကြံ့ခိုင်ရေးပါတီဝင် ၃၀၀၀ ကျော် သတ်ဖြတ်ခံထားရတာကို ပါတီအချက်အလက်တွေအရ သိထားရပါတယ်။


Comments

Popular posts from this blog

UNHCR ဘယ်လိုလျှောက်ကြမလဲ

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို လွှတ်ပေးရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက် အကြမ်းဖက် စစ်ကောင်စီ မလိုက်နာမှု Noeleen Heyzer က လုံခြုံရေးကောင်စီထံ တင်ပြအစီရင်ခံမည်

စစ်ကိုင်းနှင့် မကွေးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

Hotelတွေထဲမှာ Share အများဆုံးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမီး ဒေဝါရွှေ

စစ်ကောင်စီဘက်က နမခဇုန်ကို နည်းဗျူဟာအပြောင်းအလဲလုပ်ဆောင်လာ

မင်းအောင်လှိုင် လော်ဘီ Ben-Menashe ကျဆုံးခန်း

ဂျပန်၏ ဒေါ်လာ သန်း ၆၀ နှင့် ထိုင်း PTTEP ဒေါ်လာ နှစ် ဘီလီယံ မြုပ်နှံရန် ရွှေ့ဆိုင်း

​ဒေါ်‌ဇင်မာအောင် နှင့် အမေရိကန် ရေဒီယို The World တွေ့ဆုံ၊ ဒေါ်လာ တစ်ဘီလီယံ ကိစ္စ၊ no-fly zone၊ ယူကရိန်း အရေး သဘောထား။ ***********************

ရုရှား လက်နက်ဝယ်ယူမှု များမှာ အောင်သောင်းရဲ့ သားများပိုင် IGE ကုမ္ပဏီ ပါဝင်ပတ်သက်

ဒဗမက၏ဇနီး ထမီအလှန်ခံရ