စကော့ မာစီရယ် -အာဆီယံ အလုပ်မဖြစ်တော့၍ အမေရိကန် ဦးဆောင်ရဖို့ ဖြစ်လာ
ယခင် အမေရိကန် သံအမတ် ဖြစ်ခဲ့သူ စကော့ မာဆီရယ် မှ "With ASEAN stuck, it is up to U.S. to lead on Myanmar" ခေါင်းစဉ် ဖြင့် Nikkei Asia Review တွင် ရေးသားလာခဲ့သည်။
မြန်မာ တမျိုးသားလုံး၏ စစ်အာဏာသိမ်းမှုအား ဆန့်ကျင် ပုန်ကန် မှု ကြီးသည် တတိယ နှစ်ထဲသို့ ချည်းနင်း ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ သို့သော် ဆုံးခန်းတိုင် မည့် အနေအထား မတွေ့ရသေးပဲ နိုင်ငံ တကာ အသိုက်အဝန်း မှ ထိုအရေး ကို အဆုံးသတ်နိုင်ရန် အလားအလာ ရှိနိုင်မည့် မဟာဗျုဟာ ကိုလည်း ထုတ်ဖေါ် နိုင်ခဲ့ခြင်းမျိုး မရှိသေးပေ။
အာဏာသိမ်းပြီး သုံးလကျော် အကြာ ၂၀၂၁ ဧပြီလထဲတွင် အာဆီယံ မှ အကြမ်းဖက်လာမှုများ ရပ်တန့်ပြီး ဆွေးနွေး အဖြေရှာကြရန် အချက် ငါးချက် ကို တညီတညွတ်တည်း သဘောတူ ချမှတ်လာခဲ့ကြသည်။
ထိုသဘောတူ ညီချက်သည် ယခု အချိန် အထိ မီးတွင်းထဲက မထွက်နိုင်သေးပဲ ရှိနေဆဲပင် ဖြစ်သည်။ ဤသည်ကလည်း စစ်အာဏာသိမ်း အဖွဲ့မှ ၎င်းတို့၏ တင်းမာသော ရပ်တည်ချက်ကို တပြားသားမှပင် အလျော့မပေးခဲ့သော ကြောင့် ဖြစ်သည်။ ဆွေးနွေး စေ့စပ်မည် ဆိုက တဖက်က အသာစီး ရသွားပြီး ၎င်းတို့ဖက်က အရေးနိမ့်သွားမည့် zero-sum သဘောကို သိနေပြီး ဖြစ်သည်။
ယခုထက်ထိ တိုးတက်မှု တစုံတရာ ရှိမလာသည့် အပေါ်လည်း အာဆီယံ နိုင်ငံခြား ရေး ဝန်ကြီး များ ဂျကာတာ တွင် တွေ့ဆုံစဉ် စိတ်ပျက်လက်ပျက် ငြီးတွား ခဲ့ကြပြီးလည်း ဖြစ်သည်။
၎င်းတို့သည် အကြံတုံး ညဏ်တုံးများ တော့ မဟုတ်ကြ၊ ဒီထက်ကောင်းသည့် ချည်းကပ်မှု ကို အဖွဲ့ဝင် နိုင်ငံများ အချင်းချင်း သဘောကွဲလွဲနေကြ၍သာ အချက် ငါးချက် ကိုပင် ဆက်၍ စွဲကိုင်နေကြခြင်းသာ ဖြစ်သည်။
၎င်းတို့ ထိုသို့ ရှေ့မတိုးနိုင် ဖြစ်နေမှုကြောင့် အမေရိကန် အဖို့ လည်း ကျင်းထဲ ကျပ်ထဲ ရောက်လာခဲ့ရပြီ ဖြစ်သည်။
ယခင် စစ်အစိုးရ ခေတ်တွင်လည်း အမေရိကန်သည် စီးပွား ပိတ်ဆို့ဒဏ်ခတ်မှုများ နှင့်၊ ဖယ်ကျဉ်ထားရေး ဆိုသည့် မူဝါဒကို ကျင့်သုံးခဲ့ကြ၍လည်း အာဆီယံ နှင့် ဆက်ဆံရေး တွင် အမြဲလို ကသိကအောက် ဖြစ်ခဲ့ရသည်။ နှစ်ဖက်စလုံး တဖက်၏ သဘောထားကို တဖက်က စိတ်ပျက်လာကြသည်သာ အဖတ်တင်ခဲ့သည်။
လက်ရှိ အကျပ်အတည်း ကို ဖြေရှင်းရေးတွင်တော့အမေရိကန်သည် အာဆီယံ၏ ဘုံရပ်တည်ချက် ငါးရပ်ကို တလေးတစား နေရာပေး လာခဲ့သည်။
ဝါရှင်တန်သည် ဒီထက် ကောင်းအောင်လည်း မကြံဆနိုင်သည့် အတူတူ အာဆီယံ၏ ကြားနေမှု အား ထောက်ခံမှု တိုး၍ ပေးနိုင်ခွင့်လည်း ရရှိခဲ့၍ အစပိုင်းတွင်တော့ လုပ်သင့်သည့် ကိစ္စမျိုး ဖြစ်သည်။
သို့သော် ယခုအခါ အာဆီယံ၏ အချက် ငါးချက်သည် ဖုတ်လှိုက်ဖုတ်လှိုက်နှင့် အသက်ငင်လာနေမှုသည် ဂျိုး ဘိုင်ဒင် အစိုးရအား တခုခု မဖြစ်မနေ လုပ်ရန် လှုပ်နှိုးပေးသလို ဖြစ်လာနေခဲ့ပြီ ဖြစ်သည်။
အမေရိကန် မှ အာဆီယံ၏ အချက် ငါးချက်အား ဆက်ပြီး ထောက်ခံနေသရွေ မြန်မာပြည်သူများ နှင့် အတူ ရပ်တည်သွားမည်ဟု ကြွေးကျော် နေမှုသည် သင်္ကြန် အမြှောက်ထက် ပို၍ ထူးလာမည် မဟုတ်ပေ။ ထို့အပြင် မည်သို့မျှ ငြိမ်းချမ်းစွာ ဖြေရှင်း၍ မရနိုင်သည့် အနေအထားကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ တိုက်တွန်းနေသည်ကလည်း အဓိပ္ပါယ် မရှိလှပေ။
အမေရိကန်သည် ထိုရပ်တည်ချက်ကို ဆက်လက်စွဲကိုင်နေမည်ဆိုက ယုံကြည်မှု ပျက်ပြားခံရမည့် အရေး နှင့် ရင်ဆိုင်ရယုံမက မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေမှု များ နှင့် ပတ်သက်၍ ပြောနိုင်ဆိုနိုင်ခွင့်လည်း ဆုံးရှုံးသွားပေတော့မည်။
လက်ရှိ မြန်မာ အရေး အပေါ် အမေရိကန် မှ သတိကြီးစွာ ထား၍ ချည်းကပ်နေမှုသည် တကယ်တမ်းတွင် မြန်မာတို့၏ တော်လှန်ရေး အား အပြည့်အဝ ထောက်ခံမှု ပေးရမည့် ပြတ်သား ရဲတင်းသော မူဝါဒ ကျင့်သုံးမည်ဆိုက ဖြစ်လာနိုင်သော အန္တရာယ်များအပေါ် ကိုင်တွယ်ရန် အမေရိကန် အစိုးရ အရာရှိများ စိတ်မပါ လက်မပါ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ထိုသို့ လုပ်ရန် စိုးရိမ်မကင်း ဖြစ်လေ အကြမ်းဖက်မှုများက တိုးလာလေလေ ဖြစ်သွားနိုင်ပေသည်။ ထိုသို့ အန္တရာယ်များ အပေါ် စိုးရိမ်မကင်း ဖြစ်မနေဟု ဆိုက နောက်တကြောင်းသည် လက်ရှိ ကွဲပြားနေသော တော်လှန်ရေး အင်အားစုများမှ စစ်တပ် ကို အနိုင်တိုက်နိုင်ပါမည်လော၊ နိုင်သွားမည် ဆိုလျှင်လည်း တိုင်းပြည်ကို တစုတစည်း တည်း ဖြစ်အောင် ထိန်းချုပ်ထားနိုင်ပါ့မလား ဆိုသည့် မေးခွန်းများ ၎င်းတို့ ခေါင်းထဲတွင် အစီအရီ ထွက်ပေါ်နေကြသောကြောင့်ပင် ဖြစ်ပေမည်။
နောက်ထပ် အမေရိကန် အစိုးရ အရာရှိများ စိုးရိမ်မကင်း ဖြစ်နေပြန်သည်က တော်လှန်ရေး ဖက်ကို ကူညီ မည် ဆိုက တရုတ် ဖက်မှ အာဏာသိမ်း အဖွဲ့အား ပို၍ ထောက်ခံမှု ပေးလာနိုင်သည့် အရေးကိုပင် ဖြစ်သည်။ ထိုသို့ မဟုတ်ကလည်း ယူကရိန်းဖက်ကို အာရုံစိုက်နေရ၍ မဟာဗျူဟာ အရ သိတ် အရေး မပါလှသော နိုင်ငံဖက် ပုံအော် မလုပ်နိုင်သေး၍ လည်း ဖြစ်ပေမည်။
မည်သို့သော အကြောင်းနှင့် ဖြစ်စေ ဝါရှင်တန်သည် သဘောတရားအရ တော်လှန်ရေးဖက်တွင် ရပ်တည်ပေးနေသော်လည်း အောင်မြင်ရန် အတွက်ကိုမူ အရင်းအမြစ်များ သုံး၍ မဆုပ်မနစ် ကူညီပံ့ပိုးပေးမှု မျိုး မရှိသေးပေ။
လက်ရှိ အနေအထားမှ ရှေ့လျောက် အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်လာဖို့ အရေးသည် တော်လှန်ရေး အင်အားစုများမှ စစ်အာဏာသိမ်း အဖွဲ့ကို အောင်မြင်စွာ ဖယ်ရှားနိုင်မှ သာ ဖြစ်လာမည် ဆိုသည်ကို ဝါရှင်တန်ရှိ ပေါ်လစီ ရေးဆွဲသူများ လက်ခံရမည် ဖြစ်သည်။ စစ်တပ်မှ အာဏာကို ဆက်လက် ဆုပ်ကိုင်နေ၍ တိုင်းပြည်အတွက် မျှော်လင့်ချက် တပြားသားမျှပင် ရှိလာမည် မဟုတ်ပေ။
တော်လှန်ရေး ကို အပြည့်အဝ ကူညီ ပံ့ပိုးသွားဖို့ အတွက် စွန့်စားရမည် ဖြစ်သော်လည်း ဒီတိုင်းဆက်သွားနေမည် ဆိုက အကြမ်းဖက်မှုများ၊ မတည်ငြိမ်မှုများ၊ ဒုက္ခသုက္ခများ ရှေ့လျောက် ကြိမ်းသေပေါက် ရင်ဆိုင်ရမည် ဖြစ်သည်။
သို့ဆိုက အမေရိကန် ဘာဆက်လုပ်သင့်သနည်း။
ယခင် ခေတ်ကလို အာဆီယံအား ဒီထက်ပိုပြီး ပြတ်သားရန် တကျည်ကျည် ပြောနေ၍ မဖြစ်တော့၊ဖြစ် စေချင်သည် နှင့် တခြားစီ ဖြစ်သွားနိုင်သည်။ အာဆီယံ ၏ အချက် ငါးချက်သည် သာ ရှေ့ခရီး ဆက်နိုင်မည်၊ ငြိမ်းချမ်းစွာ အဖြေရှာနိုင်စွမ်း ရှိသည် အစရှိသည် ဟန်ဆောင်နေမှုများကို ရပ်တန်းက ရပ်ရတော့မည် ဖြစ်သည်။
ထို့သို့ ဆို၍ အာဆီယံ ကို ချောင်ထိုး ရမည်ဟု ဆိုလိုခြင်း မဟုတ်၊ ၎င်းတို့၏ ဘုံရပ်တည်ချက် ဆိုသည်ကြီး နှင့် တွဲ၍ ချည်နှောင်ခြင်း မခံသင့်ဟု ပြောလိုခြင်း ဖြစ်သည်၊ အကယ်၍ လက်ရှိ ဥက္ကဌ အင်ဒိုနီရှားမှ ဒီထက် ပို၍ လုပ်ရန် ရှိလာမည် ဆိုကလည်း ဂျကာတာ အား ထောက်ခံမှု ပေးသင့်သည်။
လက်ရှိတွင် အောင်မြင်နိုင်ဖွယ် မရှိသည့် အာဆီယံ မဟာဗျုဟာ ကြောင့် ဘိုင်ဒင် အစိုးရ အနေဖြင့် စစ်တပ်၏ အာဏာ ဆုပ်ကိုင်ထားခြင်းကို ဖယ်ရှားရန် ဆင်နွှဲနေသော တော်လှန်ရေးအား ယခုထက် ပို၍ ပံ့ပိုးကူညီရဖို့သာ ရှိပေတော့သည်။ အနည်းဆုံး ၎င်းတို့ ထွက်ပေါက်ရှာလာသည့် အထိ အားပျော့သွား အောင် လုပ်သင့်သည်။
ထိုအတွက် NUG နှင့် အခြား တော်လှန်ရေး အင်အားစုများနှင့် ပို၍ လက်ပွန်းတံတီး ရှိလာသင့်သည်။ ပြီးခဲ့သည့် အပတ် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် ဝါရှင်တန် သို့ ရောက်ရှိလာခိုက် အဆင့်မြင့် အရာရှိကြီးများက လက်ခံကြိုဆိုခဲ့ခြင်းသည် အပြုသဘောဆောင်သော ခြေလှမ်းဖြစ်ပြီး ထိုကဲ့သို့ တွေ့ဆုံ ဆွေးနွေးမှုများ နိုင်ငံခြားရေး ဝန်ကြီး အဆင့်ဖြင့် ပုံမှန်လို ပြုလုပ်သွားသင့်သည်။
နိုင်ငံခြားရေးဝန်ကြီး ဌာန မှလည်း မြန်မာ အရေး အထူး သံတမန် အဖြစ် အတွေ့အကြုံ ရင့်ကျက်ပြီးသား သံတမန် တဦးကို ခန့်ထားသင့်သည်။ သို့မှသာ တော်လှန်ရေး အဖွဲ့များ နှင့် ထိတွေ့ဆက်ဆံခြင်း၊ ပိတ်ဆို့ ဒဏ်ခတ်မှု များကို အဓိက ပါဝင်နေသည့် အကျိုးတူ နိုင်ငံများနှင့် ညှိနှိုင်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။
မလုပ်လိုသော်လည်း မလုပ်မဖြစ် လုပ်ရတော့မည်က မကြာမီက အတည်ပြုခဲ့သော Burma ACT တွင် ချပြထားသည့် အတိုင်း NUG နှင့် မဟာမိတ်များအား ရံပုံငွေ အများအပြား ထောက်ပံ့ပေးရန် ပင် ဖြစ်သည်။
ထိုသို့ ပေးရာတွင်လည်း ခုခံတော်လှန်ရေး အင်အားစုများ တစုတစည်းတည်း ပေါင်းစည်းမှ ဖြစ်မည်ဟူသော စည်းကမ်းချက် မျိုး မထားသင့်ပေ၊ ထိုသို့ ဖြစ်အောင်လည်း ချက်ခြင်း ကောက် လုပ်၍မရ သောကြောင့်ပင် ဖြစ်သည်၊ ဝါရှင်တန်သည် ၎င်းတို့ ထောက်ပံ့ငွေများ အလေအလွင့် ဖြစ်သွားမည်ကိုလည်း စိုးရိမ်မကင်း ဖြစ်နေသည်။ ဤသည်ကိုလည်း အကြောင်းပြချက် တခု အဖြစ် ဆုပ်ကိုင်မထားသင့်ပဲ လေ့ကျင့်သင်ကြား ပေးသွားဖို့သာ လိုသည်။
လက်နက်များ တိုက်ရိုက် ထောက်ပံ့ဖို့ အရေးသည် ဖြစ်လာဖွယ် မရှိသည့် အပြင် လမ်းကြောင်းအရလည်း အခက်အခဲ ရှိနေသည်။ သို့သော် ရံပုံငွေများ ထောက်ပံ့ပေးခြင်းဖြင့် NUG အနေဖြင့် လောလောဆယ် အခြား လုပ်ငန်းများ အတွက် မသုံးမဖြစ် သုံးနေရမှုများ မှ အသက် ရှု ချောင်သွားနိုင်ပြီး ပိုထွက်လာသည့် ငွေများကို လက်နက်များ ဝယ်ယူလာနိုင်မည် ဖြစ်သည်။
နောက်ထပ် အမေရိကန် အနေဖြင့် လုပ်ပေးနိုင်သည့် က တော်လှန်ရေး အင်အားစု များ အကြား ဆက်သွယ်မှု ပိုမိုကောင်းမွန်လာစေရန် ပစ္စည်း ကိရိယာ များ ပံ့ပိုးပေးခြင်းပင် ဖြစ်သည်။ လူထု အတွက် အင်တာနက် အသုံးပြု နိုင်ရန် လည်း အစပျိုးလာသင့်သည်။
နောက်ဆုံးပေါ် လေယာဉ် ပစ် လက်နက်များ ထောက်ပံ့ရန် စိုးရိမ်မကင်း ဖြစ်နေသည် ဆိုကလည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ကို တန်ပြန်နိုင်ရန် စစ်ဖက် ကျွမ်းကျင်သူ များ စုစည်းကာ တော်လှန်ရေး အဖွဲ့များကို အကူအညီ ပေးနိုင်မည့် နည်းလမ်းများ ရှာကြံပေးရမည် ဖြစ်သည်။
အမေရိကန်သည် မြန်မာပြည်တွင် ဒီမိုကရေစီ နှင့် အရပ်သား အုပ်ချုပ်ရေး ထွန်းကားလာစေရန် ထောက်ခံမှု ပေးလာခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိလာနေပြီ ဖြစ်သည်။ သို့သော်လည်း လက်ရှိ အကျပ်အတည်းကို ကူညီရာတွင်တော့ လုပ်ပေးနိုင်သည်ထက် အများကြီး လျော့နည်း နေပေသည်။
ယခုအခါ တဖက်တွင် အာဆီယံ နှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားရင်း ၎င်းတို့ အချက် ငါးချက်သည် ရှေ့လျောက် အလုပ်မဖြစ်တော့ ဆိုသည်ကို သိလာ အောင် ပြုလုပ်ရင်းက တဖက်တွင်လည်း ပို၍ လိုအပ်လာနေသည့် ဦးဆောင်ဦးရွက် မှုကို ပြုရတော့မည် ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ
Image credit - The Rappler.com
Comments