မြန်မာ့စီးပွားရေး ၈ ရာခိုင်နှုန်းခန့် တိုးတက်လာဟု စစ်ခေါင်းဆောင် ပြော

ဧရာဝတီ၊ ဇန်နဝါရီ ၉၊ ၂၀၂၃

မြန်မာ့စီးပွားရေးသည် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွင်း၌ ၈ ရာခိုင်နှုန်းခန့် ပြန်လည် တိုးတက်လာခဲ့ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံစဉ် အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောဆိုသည်။

၎င်းတို့ တာဝန်ယူချိန်တွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှု၊ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနှင့် ယခင်အစိုးရလက်ထက် စီးပွားရေး ကျဆင်းခဲ့မှုများကြောင့် မြန်မာ့စီးပွားရေးသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ယခု ၂၀၂၁ -၂၂ ခုနှစ် ပထမ ၆ လတာကာလအတွင်း၌ အပေါင်း၂ ဒသမ ၄ ရာခိုင်နှုန်း ပြန်လည် တိုးတက်ခဲ့ပြီး ဒုတိယ ၆ လတာတွင်လည်း ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ပြန်လည် တိုးတက်လာခဲ့ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

နိုင်ငံစီးပွားရေး ပြန်လည် တိုးတက်လာခြင်းသည် ပြည်တွင်း စီးပွားရေးလုပ် ငန်းများကို အားပေးဆောင်ရွက်ခဲ့ ခြင်းကြောင့်ဖြစ်သလို ရေသယံဇာတနှင့် မြေသယံဇာတများ၊ လယ်ယာ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ လူသားအရင်း အမြစ်များကို အသုံးချ ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။

ကမ္ဘာ့ဘဏ်မှ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကထွက်ရှိသော မြန်မာ့စီးပွားရေး စစ်တမ်းတခုတွင်မူ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၌ ငွေသားပြတ်တောက်ခြင်း၊ ချေးငွေနှင့်အခြားအကြွေးများ ပြန်လည်ပေးဆပ်ရခြင်းတို့အပြင် မရေရာဖြစ်နေသော စီးပွားရေးပတ်ဝန်းကျင်တွင် ဆက် လက်လည်ပတ်မည့် ကုမ္ပဏီများ အလွန်နည်းပါးလာပြီး လုပ်ငန်းပိတ်သိမ်းခြင်းကို ရွေးချယ်စရာတခုအဖြစ် ထည့်သွင်းစဉ်းစားလာနေကြကြောင်း ဆိုထားသည်။

ကမ္ဘာ့ဘဏ်စစ်တမ်းအရ လယ်ယာစိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် လက်လီလက်ကားကဏ္ဍတို့တွင် လယ်ယာကဏ္ဍ၏ လုပ်ငန်းလည်ပတ်နိုင်မှုသည် အခြားကဏ္ဍများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးကဏ္ဍဖြစ်နေရာ ၅၃ ရာ ခိုင်နှုန်းသာ လုပ်ငန်းလည်ပတ်နိုင်ပြီး၂၀ ရာခိုင်နှုန်းမှာ ကုန်ကျစရိတ်မြင့်တက်ခြင်းနှင့် ပဋိပက္ခများ တိုးမြင့်လာခြင်းတို့ကြောင့် ယာယီ ရပ်ဆိုင်းထားရသည်။

ထို့ပြင် လုပ်ငန်းအများစုမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ ကျပ်ငွေ တန်ဖိုး မတည်ငြိမ်ခြင်း၊ ဝယ်လိုအားကျဆင်းခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးများ အကန့် အသတ်ရှိလာခြင်းတို့က အဓိကစိန်ခေါ်မှုများအဖြစ် ကြုံ တွေ့နေရပြီး အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်ရာတွင် ငွေတန်ဖိုးကျဆင်းနေသည့်အတွက် လုပ်ငန်းလုပ်ကိုင်ရာတွင် အနုတ်လက္ခဏာဆောင်သည့် သက် ရောက်မှုများနှင့် ရင်ဆိုင်နေရသော လုပ်ငန်းပေါင်းမှာ ၄၈ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ဆိုထားသည်။ 

ပုံစာ- ဇန်နဝါရီလ ၆ ရက်က စစ်ခေါင်းဆောင်နှင့် ပြည်ထောင်စုဝန်ကြီးများ တွေ့ဆုံနေစဉ်
#WhatsHappeningInMyanmar
#RejectMilitaryCoup



Comments

Popular posts from this blog

“ယူကရိန်း အတွက် လေယာဥ်တွေပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက်အကောင်အထည် ဖော်ဖို့ခက်

အာဆီယမ် အမေရိကန်ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း

နေဝင်းစတိုင်ဖမ်းလာတဲ့သောင်းလှိုင်သား

အပစ်ရပ် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမည်

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

မြန်မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ်မတ််ရပ်တည်ကြောင်း အီးယူထုတ်ပြန်

အသံတိတ်လူသတ်သမားတွေ