မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်

ဘဝသံသရာ
--------------
သံသရာဆိုသည်မှာ လည်ပတ်ခြင်းသဘောဖြစ်သည်။ မနေ့ကတစ်နေ့လုံး ကွန်ပျူတာသုံးရသည်မှာ တရားရစရာကောင်းလှသည်။ အဖန်တလဲလဲ ဖြစ်ခြင်း ပျက်ခြင်းများကြားမှ နောက်ဆုံးတွင် Facebook ကိုပါ ဖွင့်မရတော့ပါ။ 
အကြောင်းကြားစာတွေ တစ်ခုပြီးတစ်ခု ရောက်လာသည်။ အီးမေးလ်ကို တစ်ယောက်ယောက်ဝင်နေသည်။ Facebook ကို တစ်ယောက်ယောက်ဝင်နေသည် ဆိုသော စာတန်းတွေ ဖတ်ရပြီးနောက် Password တွေကို ပြောင်းခိုင်းနေသည်။ 
ကျွန်တော် Laptop နှင့် Tablet နှစ်ခုတွင် Facebook ကို သုံးပါသည်။ ယခုတစ်လော အင်တာနက်ကလည်း ဆိုးဆိုးရွားရွားကို စုတ်ပြတ်ပါသည်။ မနက်ဆိုလျှင် ကျွန်တော်က ၄ နာရီထပြီး စာရေးနေကျဖြစ်သည်။ ကိုယ်စာရေးသည့် အချိန်တွင် မီးကပျက်နေလျှင် အနေ အထားတွေက ပျက်ကုန်ပြီ။
ကျွန်တော့်ကို ဘေးအိမ်မှ အင်တာနက်ဝိုင်ဖိုင်ပေးသုံးထားသည်။ မီးပြတ်လျှင် သူ့အိမ်က ဝိုင်ဖိုင်လည်း မရတော့ပါ။ သူတို့က ကိုယ့်လိုစောစော အိပ်ရာကထသူများ မဟုတ်ကြ။ ကျွန်တော်ကတော့ မီးပြတ်လည်း အင်ဗာတာလေးကောက်ဖွင့်ပြီး စာရေးနိုင်သေးသည်။ သို့သော် အင်တာနက် လိုင်းပေါ်တက်ဖို့ အခက်တွေ့ ရသည်။ ယခုတစ်လော မီးကလည်း လာချိန်မလာ၊ မလာချိန်လည်းမလာ။ အင်ဗာတာနှင့် ဘက်ထရီ အားဝင်ရန်ပင် မနည်းကြိုးစားနေရသည်။
ဖုန်းနှင့်တစ်ခါ အင်တာနက်ချိတ်ဆက်ပြီး သုံးရပြန်သည်။ ဖုန်းထဲလည်း ငွေမဖြည့်ထားမိပြန်လျှင် ထိုမနက်အဖို့ သောကပွေရတော့သည်။ ဖုန်းငွေဖြည့်ကတ်က ဈေးတွင်သွားဝယ်မှရသည်။
ခုတစ်လော MPT ကလည်း လိုင်းမကောင်း။ အော်ရီဒူးကလည်းအဝိုင်းလည်။ ကိုယ့်ထံတွင်လည်း ထိုလိုင်း နှစ်လိုင်းသာရှိပြီး တစ်လှည့်စီပြောင်းသုံးနေရသည်။ ဟိုလိုင်းမရ သည်လိုင်း၊ သည်လိုင်းမရ ဟိုလိုင်း။ ဖုန်းက ကျွန်တော့်မှာ ပြောရသည်မရှိပါ။ အားလုံးနှင့် အဆက်အသွယ်ဖြတ်ထားသည်။ အင်တာနက်အတွက်သာ ဖုန်းကို အသုံးများပါသည်။ လိုင်းတွေမကောင်းသည့်အခါ သောကတွေများရပြန်သည်။
မနေ့ကတစ်နေလုံး လိုင်းမကောင်းသဖြင့် Facebook ကို ပြန်ဝင်၍ရအောင် မလုပ်နိုင်။ ကျွန်တော်က တစ်ခုခု စိတ်ထဲတွင် စနိုးစနောင့်ဖြစ်နေလျှင် အိပ်မပျော်တော့။ ငါ့ Facebook ဒီမနက်ဖွင့်မရလျှင် စာဘယ်လိုတင်ရပါ့ မည်နည်းဟု စိတ်ထဲစွဲကာ မနက် ၂ နာရီခွဲလောက်ကတည်းက နိုးနေသည်။
တော်သေးသည် မီးလာနေသဖြင့် ဝိုင်ဖိုင်ဖွင့်ပြီး လိုင်းသုံးကြည့်သည်။ ဝိုင်ဖိုင်ပေးထားသော အိမ်ကမိသားစုတွေ မသုံးချိန်ဖြစ်သောကြောင့် လိုင်းတက်လာသည်။ သို့သော် Tablet တွင် Facebook က ဖွင့်မရဘဲ Laptop တွင် သာဖွင့်ရသည်။ တစ်ခုလောက် ဖွင့်၍ရလျှင်မဆိုးဆိုကာ Laptop ကိုသုံးနေရာက ပြန်အိပ်၍မရတော့။ ထို့ကြောင့် စာရေးနေမိသည်။
၂၀၂၁ ဖေဖော်ဝါရီကတည်းက သုံးနေသော အင်တာနက်လိုင်းတွေလည်း တစ်ခုပြီးတစ်ခုပြတ်ကုန်သည်။ ကျွန်တော့်ထံတွင် သူတို့အင်တာနက်သုံးပါက ဘယ်လိုတွေကောင်းကြောင်း ကြော်ငြာပြီး လာတပ်ဆင်ပေးကာ သုံးနေသော လိုင်းနှစ်လိုင်းမှာလည်း စက်တွေသာ ကိုယ့်မှာပုံနေသည် တစ်ခုမျှ သုံးမရတော့။ ထို ဝိုင်ဖိုင် စက်နှစ်လုံးဖိုးအတွက် ရင်းနှီးထားရသော ငွေကပင်မနည်း။ ၂၀၂၁ ဖေဖော်ဝါရီမတိုင်မီကတော့ သုံး၍ ကောင်းနေသေးသည်။ နောက်တော့ သုံးမရ။ ကျွန်တော် တောကိုပြောင်းသည့်အခါတွင်လည်း ထိုစက်တွေ လိုင်းတွေက အသုံးပြု၍ မရတော့သောကြောင့် ချောင်ထိုးထားလိုက်ရတော့သည်။
မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်။ တစ်လအတွင်း ကတော့ ကောင်းလိုက်သည်မှာ ဖြတ်ဖြတ်လူးရောဆိုရမည်ပင်။ ရုပ်ရှင်တွေဘာတွေတောင် ဒေါင်းလုတ် မလုပ်ဘဲ တိုက်ရိုက်ကြည့်နိုင်သည်။ တစ်လပြည့်၍ငွေသွင်းပြီး နောက်တစ်လ ကူးသည်ဆိုလျှင်ပင် ဟိုဟာမရ သည်ဟာမရ အစွမ်းတွေပြတော့သည်။ နောက်ဆုံး ကောင်းနိုး ကောင်းနိုး မှေးသုံးနေရင်းက ဟိုဟာလည်း ဝင်မရ သည်ဟာလည်း ဝင်မရဖြစ်လာသည်။
ကလေးတွေက အကြံပေးသည်။ သူတို့က ကိုယ့်ထက် ကျွမ်းကျင်ကြသည်။ VPN လေးခံသုံးရန်ဖြစ်သည်။ မြန်မာပြည်တွင် VPN မခံဘဲ အဘယ်မှာလျှင် Facebook သုံးနိုင်သနည်း။
“ဦးလေးကလည်း အဲဒီ VPN မရရင် ဟို VPN ပြောင်းသုံးပါလား”
ကလေးတွေကိုပဲ လုပ်ခိုင်းရပြန်သည်။ သူတို့ ပြောင်းသုံးခိုင်းသည့်အတိုင်း VPN ပြောင်းသုံးလိုက်သည့်အခါ  Facebook က ရလာပြန်သည်။ သို့သော် အခြား ကိုယ်စာဖတ်နေသည့် လိုင်းတွေက ဝင်မရ ဖြစ်သွားပြန်သည်။
တစ်နေ့ တစ်နေ့ ဖုန်းတစ်လုံးကို ဘေးချ
ဟိုလိုင်းပြောင်း သည်လိုင်းပြောင်း
ဟိုဟာ မကောင်း သည်ဟာ
သည်ဟာမကောင်း ဟိုဟာ
စာအုပ်လေးတစ်အုပ် ကြိုက်သဖြင့် ဒေါင်းလုပ်ဆွဲနေစဉ် မီးကပြတ်
အင်ဗာတာထချိန်း
ခဏအကြာ မီးကပြန်လာ
ခဏအကြာ ပြန်ပြတ်
အင်ဗာတာ ထဖွင့်
ခဏအကြာ မီးက ပြန်လာ
ခဏအကြာ မီးကပြန်ပြတ်
ခဏအကြာ မီးကပြန်လာ
ဟော ခဏအကြာပြန်ပြတ်
လူကို အလုပ်ပေးထားလိုက်တာများ နားချိန်ပင်မရှိ။
ထိုင်လိုက် ထလိုက်၊ ထလိုက် ထိုင်လိုက်
မီးပြန်လာ ရေသွားဖွင့်လိုက်။ မီးပြတ်လိုက် ပြန်ပိတ်လိုက်။ ထမင်အိုးသွားတည်လိုက်၊ မီးပြတ်လိုက်၊ ပြန်လာလိုက်။ ခလုတ်တွေလိုက်ပိတ်၊ ခလုတ်တွေ ပြန်ဖွင့် ပျော်စရာကောင်းလိုက်သည့်အဖြစ်။ ကိုယ့်လို ဘယ်နိုင်ငံသား ပြည်သူများ ကြုံဖူးပါအံ့နည်း။ ထူးလိုက်သည့်ကံ။
ကာတွန်းလေးတစ်ကွက်ကို မျက်စိထဲသွားမြင်ကာ ပြုံးလိုက်မိ၊ ကလေးကို ရုံးခေါ်သွားသည့် ကာတွန်းလေးကို ဖြစ်သည်။
ကျွန်တော့်ဘဝတွင် မီးမပြတ်သည့်ကာလ၊ အင်တာနက်ကို စိတ်ကြိုက် ကောင်းမွန်စွာသုံးရသည့်ကာလ သက်တမ်းလေးတစ်ခုသာ ကြုံဖူးသည်။ ၂၀၁၅ မှ ၂၀၂၀ အတွင်းသာဖြစ်သည်။ 
ကျွန်တော်က ဆရာကြီး ဦးသုခ၏ “တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်” ဆိုသော စကားလေးကို အလွန်နှစ်သက်သူဖြစ်သည်။ ထို့ကြောင့်လည်း ဆရာကြီးစကားလေးနှင့် ဇွဲတင်းကာ ဖြစ်ကိုဖြစ်ရမည်ဆိုပြီး လုပ်ပါသည်။
သို့သော်
မြန်မာပြည်တွင် ကိုယ်ကတကယ်ဖြစ်ချင်သော်လည်း လက်တွေ့တွင် လုပ်မရနိုင်လောက်အောင် ဖြစ်နေသည့် အရာတွေက များလှသည်။ 
ဆရာကြီး ဦးသုခသည် ထိုစကားကို မသုံးမီက ဘဝသံသရာဆိုသည့် ရုပ်ရှင်ထဲတွင် ကိုယ်တိုင် သီဆိုသွားခဲ့သည့် သီချင်းလေးလည်း ရှိခဲ့ဖူးပါသည်။
“ဖြစ်ချင်တာလည်း မဖြစ်ရပါ၊ မဖြစ်ချင်တာတွေလည်း ဖြစ်ရမှာ ... အဲဒါ ... အဲဒါ ... ဘဝသံသရာ” ဆိုသည့် သီချင်းလေးကို ကြားယောင်နေမိသည်။
တင်ညွန့်




၉.၂.၂၀၂၃



Comments

Popular posts from this blog

UNHCR ဘယ်လိုလျှောက်ကြမလဲ

အင်းစိန်လူမိုက် ထောင်ထွက် ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းစိန်နှင့်မင်းအုပ်စိုး ဆက်စပ်နေ

ဗိုလ်ချုပ်အောင်သန်းထွဋ် လက်ရှိကြံ့ဖွတ်အမတ် သမီး နဲ့သမက်ကUS Citizen