နိုင်ငံတကာအစိုးရများထံမှ အကူအညီရရေး ကြိုးပမ်းနေဟု NUG ဝန်ကြီးပြော



စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး

ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်


DVB | 7 March, 2022


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ တော်လှန်ရေးအတွက် မဟာဗျူဟာကျကျ ဆောင်ရွက်နေတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။


“ဒီတော်လှန်ရေးမှာ လူသားချင်းစာနာမှုဆိုင်ရာ ခေါင်းစဉ်အောက်ကနေ နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေကနေ အခုထိ တကျပ်တပြားမှ အကူအညီ မရသေးပါဘူး။ ဒါပေမဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အဆုံးစွန်တဲ့ ရက်စက်ရမ်းကားမှုတွေကြောင့် ရွာလုံးကျွတ်မီးရှို့ခံရတာတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတာတွေ၊ နယ်မြေဒေသတခုလုံး စစ်ဘေးရှောင်ရတာတွေ၊ စစ်ပြေးဒုက္ခခံစားရတာတွေကတော့ နေ့စဉ်နဲ့အမျှ ဖြစ်ပွားလျက်ရှိပါတယ်။ ကရင်နီမှာ၊ လေးကေ့ကော်မှာ၊ စစ်ကိုင်းမှာ၊ မကွေးမှာ၊ ချင်းမှာ ရွာလုံးကျွတ်ပြာကျပြီး ပြည်သူလူထုခမျာ အတိဒုက္ခ ရောက်နေကြရပါတယ်။ ဒါတွေနဲ့ စပ်လျဉ်းပြီး NUG အစိုးရအနေနဲ့ ရသမျှ ဘတ်ဂျက်ထဲကနေ နိုင်သလောက်၊ စွမ်းသလောက် အားဖြည့်ကူညီပံ့ပိုးကုစားနေကြရပါတယ်။ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေ၊ အစိုးရတွေဆီကနေလည်း အကူအညီ အထောက်အပံ့ရရှိရေး စဉ်ဆက်မပြတ် ညှိနှိုင်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။”


ဒါ့အပြင် NUG အစိုးရအနေနဲ့ ဒီတော်လှန်ရေးမှာ လက်နက်ကိုင်လှုပ်ရှားမှုတွေအပြင် လူ သားချင်းစာနာမှုဆိုင်ရာကိစ္စရပ်တွေ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေ၊ အမျိုးသမီးကလေး သူငယ်ဆိုင်ရာကိစ္စရပ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်ဆိုင်ရာကိစ္စရပ်တွေကို မေ့လျော့မထားဘဲ အားလုံးလွှမ်းခြုံပြီး ဆောင်ရွက်နေတယ်ဆိုတဲ့ မူဝါဒလုပ်ငန်းစဉ်၊ အကောင်အထည်ဖော်မှုတွေကို လက်တွေ့ကျကျ ပြသဖို့လိုအပ်ပြီး ဒါမှသာ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရတွေက အဆိုပါလုပ်ငန်းစဉ်များအတွက် အကူအညီအထောက်အပံ့တွေ ပေးမှာဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။


 


 

“နိုင်ငံတကာက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့ ပေးအပ်တဲ့အခါ ဒေါ်လာ သန်း ၅၀ လား၊ သန်း ၁၀၀ ဆိုတာ သူတို့သဒ္ဓါပေါက်ရင် အခုပေး အခုရတာမျိုးပါ။ ဒီအခြေအနေကို မသိမမြင် နားမလည်တဲ့သူတချို့က “NUG က မယောင်ရာဆီလူး လွတ်မြောက်နယ်မြေမှာ ဆေးခန်းဖွင့်နေတယ်”၊ “NUG က လက်နက်ရရှိရေးကို ဘေးချိတ်ပြီး ပညာရေး၊ ကျန်းမာရေးတွေကို ဦးစားပေးနေတယ်”၊ “အဓိက နဲ့ သာမညတောင် မခွဲခြားနိုင်ဘဲ မဆီမဆိုင်ကိစ္စရပ်တွေ လျှောက်လုပ်နေတယ်” စသဖြင့် စသဖြင့် စွပ်စွဲပြစ်တင် ထင်ရာမြင်ရာတွေ ရေးကြချွတ်ကြနဲ့ ဖေ့ဘွတ်ခ်တခွင် ပြဲပြဲစင်အောင် ပြောနေကြတယ်။ လွတ် မြောက်နယ်မြေတွေမှာ၊ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နေရာတွေမှာ ဆေးရုံ၊ ဆေးခန်းဖွင့်တာဟာ မရှိမဖြစ်လိုအပ်ချက်ပဲ။ နိုင်ငံတကာ အကူအညီ မျှော်ကိုးသည်ဖြစ်စေ၊ မမျှော်ကိုးသည်ဖြစ်စေ လုပ်ကိုလုပ်ရမယ့်ကိစ္စပဲ။ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရလာတဲ့ ပီဒီအက်ဖ်တွေကို "နွားကျောင်းသားကုထုံးနဲ့ နွားချေးပုံနဲ့သိပ်၊ ဖုန်နဲ့လူးကြမှာလား။”


ဒါ့အပြင် NUG အနေနဲ့ စစ်ချည်း လှိမ့်တိုက်နေတာမဟုတ်ဘဲ လက်နက်ကိုင်စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ကုစားပြင်ဆင်ဖို့ စနစ်တကျ ပြင်ဆင်ဆောင် ရွက်နေပါတယ်ဆိုတဲ့ မက်ဆေ့ချ်ပေးနိုင်မှ နိုင်ငံတကာ အကူအညီအထောက်အပံ့တွေ ရနိုင်မယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။


အဲ့သလို နိုင်ငံတကာက ကျန်းမာရေး၊ ပညာရေး၊ လူမှုကယ်ဆယ်ရေး၊ စစ်ဘေးရှောင် အကူ အညီတွေရရှိမှသာ NUG အနေနဲ့ ရှာဖွေရရှိသမျှ ဘဏ္ဍာရန်ပုံငွေကို စစ်ရေးအတွက်ပဲ သီးသန့် ထိထိရောက်ရောက် သုံးစွဲနိုင်မှာမို့ လူသားချင်းစာနာမှုဆိုင်ရာခေါင်းစဉ်အောက်ကနေ နိုင်ငံတကာက အကူအညီအထောက်အပံ့တွေ ရယူနိုင်ရေးဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။


လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည် ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။


နိုင်ငံတဝန်းမှာလည်း စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။




Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ