"ဒီ​နေ့ဘာဖြစ်ခဲ့လဲ"

"ဒီနေ့ဘာဖြစ်ခဲ့လဲ"


ဒီနေ့(ဖေဖော်ဝါရီ ၂၂ ရက်တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကိုPeople’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။


▪︎မံစီမှာစစ်ကောင်စီတပ်စစ်ကြောင်းကို KIA ကြားဖြတ်တိုက်ခိုက်


ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(တပ်ရင်း (၂၇နယ်မြေအတွင်း စစ်ကြောင်းထိုး လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးက ဖော်ပြပါတယ်။ မံစီမြို့နယ် ဇွပ်ဂျာကျေးရွာအနီး စစ်ရေးလှုပ်ရှားတဲ့ စစ်ကောင်စီတပ်နဲ့ KIA တို့ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။ တိုက်ပွဲမှာ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပြီး စစ်ကောင်စီတပ်ကသေဆုံးထိခိုက်ရှိမရှိကို ဖော်ပြမထားပါဘူး။ ကချင်သတင်းဌာနအချို့က မံစီမြို့နယ် ဇွပ်ဂျာရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။


▪︎၁၅ မိနစ်ကြာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဗိုလ်မှူးအပါအဝင် နှစ်ဦးသေ


ကရင်ပြည်နယ် ဖလူး-ဝေါ်လလမ်းမမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ကော်ဘရာစစ်ကြောင်းတို့ ဒီနေ့ နေ့ခင်းကတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီစစ်ကြောင်းမှ ဗိုလ်မှူးတစ်ဦးနဲဲ့ အခြားအဆင့် တစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်မှာ ၁၅ မိနစ်ခန့်သာ ကြာမြင့်ပြီး စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးတဲ့အပြင် လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဒုက္ခသည်စခန်းမှာ နေထိုင်ခိုလှုံနေတဲ့ ပြည်သူတစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပြီး ကော်ဘရာရဲဘော်တစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။


▪︎ကသာနဲ့ ထီးချိုင့်ကြားမှာ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ


ကသာနဲ့ထီးချိုင့်မြို့ကြားမှာ စစ်ကာင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၁၅ ဦးခန့်သေပြီးနောက်  စစ်တပ်ကအရပ်သား နှစ်ဦးကို သတ်ဖြတ်ကာ သုံးဦးထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ ​ဒေသခံနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။  အင်အား ၈၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကသာနဲ့ထီးချိုင့်မြို့ကြား ကလုံရွာမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PDF)များက ဖေဖော်ဝါရီ ၁၉ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ အဲဒီနေ့ကစလို့ စစ်ကောင်စီတပ်ဟာ ကလုံရွာမှာ တပ်စွဲကာ အရပ်သားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ ​ဒေသခံအချို့ကပြောပါတယ်။


▪︎ခေါက်ရွှေကို ပြင်ပပေါက်ဈေးထက် ကျပ်ကိုးသောင်းလျှော့ရောင်းဖို့ စစ်ကောင်စီဖိအားပေး


ခေါက်ရွှေတစ်ကျပ်သားလျှင်ပြင်ပဈေးကွက်မှာ ကျပ် ၂၈ သိန်းခွဲကျော်ရှိနေပေမယ့် စစ်ကောင်စီက ကျပ်ကိုးသောင်းကျော်လျှော့ရောင်းချရမယ်လို့ ဒီနေ့ဖိအားပေးသတ်မှတ်လိုက်ပါတယ်။ ဒီနေ့ ပြင်ပပေါက်ဈေးကွက်မှာအခေါက်ရွှေတစ်ကျပ်သား ,၈၆၀,၀၀၀ ပေါက်ဈေးရှိပေမယ့် စစ်ကောင်စီကာ၂,၇၉,၀၀၀ ကျပ်နဲ့ ရောင်းချဖို့သတ်မှတ်ခဲ့တာပါ။ စစ်ကောင်စီသတ်မှတ်လိုက်တဲ့ ဈေးနှုန်းမှာ လက်တွေ့ ဈေးကွက်အတွင်း အမှန်တကယ်သက်ရောက်မှုမရှိနိုင်ဘဲ စစ်ကောင်စီကို ဆန့်ကျင့်တဲ့ ရွှေလုပ်ငန်းရှင်များနဲ့ ရွှေဆိုင်ပိုင်ရှင်များကို အနိုင်ကျင့်ဖို့အတွက်သာ ဖြစ်နိုင်တယ်လို့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။


▪︎မကွေးတိုင်းမြို့နယ်လေးခုမှာ တစ်ရက်တည်း စစ်ကောင်စီတပ်သား အနည်းဆုံး ၁၁ ဦးသေဆုံးဟု NUG ထုတ်ပြန်


မကွေးတိိုင်း မြို့နယ် လေးခုမှာ ဖေဖော်ဝါရီ ၂၀ ရက် တစ်ရက်တည်း ရန်သူ့စစ်တပ်ရဲ့ ရဲစခန်း၊ စစ်ဆေးရေးဂိတ်နဲ့စစ်ကြောင်းများကို  ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှ အနည်းဆုံး၁၁ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။ဂန့်ဂေါ၊ သရက်၊ မင်းတုန်း၊ မင်းလှမြို့နယ်တို့အတွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၁၁ ဦးသေဆုံး၊ ၁၀ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကာ ရဲနဲ့ တပ်စခန်းတချို့လည်း မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။


▪︎မူဆယ်မှာ ရဲတပ်ကြပ်တစ်ဦး အသတ်ခံရ


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့လယ်မှာ စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့မှ တပ်ကြပ်တစ်ဦး ဒီနေ့မနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခံလိုက်ရပါတယ်။  ဆိုင်ကယ်စီးလာသူနှစ်ဦးက ရဲတပ်ကြပ်ကို မူဆယ်မြို့ ‌မြောက်ရပ်ကွက်လမ်း‌ဘေး တစ်နေရာမှာ သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။ ပစ်ခတ်ရှင်းလင်းခံရတဲ့ ရဲတပ်ကြပ်မှာ မူဆယ်မြို့မရဲစခန်းမှ ဖြစ်ပြီး ပစ်ခတ်တဲ့အဖွဲ့ကို မသိရသေးပါဘူး။


▪︎မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်ရင်းများကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်


မိုးမိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများကို မိုးကုတ်ဗျူဟာတပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ​တိုက်ခိုက်ခဲ့တဲ့အဖွဲ့က​ ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်ရင်း ၂၂၃၊၂၇၆ နဲ့ ၃၄၈ တပ်ရင်းများကို ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးဒဏ်ရာရရှိမှုအခြေအနေကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီက အဲဒီနေ့ ညနေပိုင်းအထိလက်နက်ကြီးများနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ 


▪︎ထိန်းချုပ်နယ်မြေရှိ စက်ယန္တရားများကို ကြားကာလအတွင်း လိုအပ်သလိုအသုံးပြုမယ်လို့ မတူပီ(ပအဖ)နဲ့ CDF ပူးတွဲထုတ်ပြန်


မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ မတူပီ ချင်းကာကွယ်ရေးတပ်(CDF) ထိန်းချုပ်နယ်မြေ အတွင်းရှိစက်ယန္တရားများကို အများပြည်သူမှ တင်မြှောက်တဲ့ အစိုးရတစ်ရပ် မပေါ်ပေါက်မီ ကြားကာလအတွင်း လိုအပ်သလို အသုံးပြုသွားမယ်လို့ ဒီနေ့ ပူးတွဲထုတ်ပြန်ပါတယ်။ စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီယန္တရား လည်ပတ်နိုင်ဖို့ အထောက်အကူပြုစေတဲ့ တင်ဒါလုပ်ငန်းများကို မပြုလုပ်ဖို့ သဘောထားထုတ်ပြန်ထားတာကြောင့် အများပြည်သူ ဆက်သွယ်ရေး၊ လမ်း၊ တံတားများ ပျက်စီးမှု ရှိခဲ့ပါတယ်။ ပျက်စီးသွားတဲ့ အများပြည်သူ အသုံးပြုတဲ့ ဆက်သွယ်ရေးလမ်း၊ တံတားများ ပြန်လည် ပြုပြင်ထိန်းသိမ်းဖို့ မတူပီ CDFနဲ့ ပအဖ တို့ကစက်ယန္တရားများကို လိုအပ်သလို အသုံးပြုမယ်လို့ ထုတ်ပြန်ခဲ့တာပါ။


▪︎ညောင်လေးပင်မြို့နယ်တိုက်ပွဲစစ်ကောင်စီတပ် ၁၀ ခန့်သေပြီး PDF ရဲဘော်တစ်ဦးကျ


ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့များကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂၊ တပ်ခွဲ ၄၊တပ်စု  မှ တော်လှန်ရေးရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီတိုက်ပွဲမှာ PDFဘက်ကရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးခန့် သေဆုံးတယ်လို့ ဒေသခံက ပြောပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်မှာလည်း နှစ်ဖက်တိုက်ပွဲအတွင်း ရန်သူ့တပ်သား (၁၀)ဦးကျော်သေဆုံးတယ်လို့ ဖော်ပြပါတယ်။


▪︎ဖရူဆိုနဲ့ ရှားတောရှိ စစ်ကောင်စီအခြေစိုက်စခန်းများ တိုက်ခိုက်


ကရင်နီပြည်နယ်၊ ဖရူဆိုနဲ့ ရှားတောမြို့နယ်ရှိ စစ်ကောင်စီရဲ့ အခြေစိုက်စခန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KMICက ပြောပါတယ်။ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက ရှားတောမြို့အနီးရှိ စစ်ကောင်စီရဲ့ ခမရ (၅၁၀)တပ်ရဲ့ မြို့တွင်းစခန်းကို ကရင်နီတပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို KMIC က စုံစမ်းဆဲဖြစ်တယ်လို့ အသိပေးပါတယ်။ မနေ့ကစလို့ စစ်ကောင်စီတပ်ဟာ ဖရူဆိုမြို့အရှေ့ခြမ်းတစ်လျှောက် ကင်းထောက်ရဟတ်ယာဥ်နဲ့ ထောက်လှမ်းတာမျိုးရှိတယ်လို့ သိရပါတယ်။


▪︎ကရင်အချင်းချင်း တိုက်နေမယ့် အစား သေနတ်ပြောင်း၀ စစ်အုပ်စုဘက်လှည့်ဖို့ IKO တိုက်တွန်း


ကရင်အချင်းချင်း တိုက်ခိုက်မယ့်အစား သေနတ်ပြောင်း၀ကို စစ်အုပ်စုဘက်သို့ လှည့်ကြဖို့ နိုင်ငံတကာ ကရင်အဖွဲ့အစည်း (IKO)က ဒီနေ့ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(နယ်မြေအတွင်း KNLA နဲ့ KTLA တို့အကြားတိုက်ပွဲဖြစ်ပွားနေခြင်းနဲ့ပတ်သက်လို့ IKOက အခုလို ထုတ်ပြန်လာတာပါ။ ဒီနေ့ ကာလဟာ စစ်အစိုးရကို ပြည်သူတစ်ရပ်လုံးမှ တော်လှန်တိုက်ပွဲဝင်နေကြခြင်းဖြစ်ပြီး ကရင်တပ်ဖွဲ့များအကြား အချင်းချင်း တိုက်ခိုက်နေခြင်းမှာ မဖြစ်သင့်ဘဲ အဲဒီလိုဖြစ်နေခြင်းအပေါ် အထူးစိတ်မချမ်းမြေ့ဖြစ်ရတယ်လို့ IKOက ဆိုပါတယ်။


▪︎ရန်ကုန် UG အချို့ ဖမ်းဆီးခံရမှု URF ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို  MUPDF ပြန်ရုတ်သိမ်း


မနေ့က ရန်ကုန် UG အချို့ကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခြင်းခံရတဲ့ ဖြစ်စဥ်မှာ မြို့ပြစစ်ရေးလှုပ်ရှားမှုများအတွက် နည်းပညာနဲ့ ပစ္စည်းအကူအညီပေးနေတဲ့ URF အဖွဲ့ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို  ပြန်လည်ရုတ်သိမ်းတယ်လို့ Myanmar Underground People Defense Force - MUPDF အဖွဲ့က ဒီနေ့ ထုတ်ပြန်အသိပေးပါတယ်။ မနေ့​​ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဖြစ်ခဲ့သမျှတွေမှာ URF ကအသွင်ယူပြီး ထောင်ဖမ်းခဲ့တယ်လို့ စွပ်စွဲချက်အပေါ်မှာ ပြန်လည်သုံးသပ်မှုတွေလုပ်ပြီး အချို့သောအချက်အလက်များကို ဒီနေ့မနက်ပိုင်းမှာ ထပ်မံသိရှိရလို့ အဲဒီစွပ်စွဲချက်ကို ပြန်လည်ရုတ်သိမ်းတယ်လို့ MUPDF အဖွဲ့တာဝန်ခံ ကိုစနေက ပြောပါတယ်။ MUPDF ဖြစ်စဥ်ကအတော်စဥ်းစားရခက်တဲ့ကိစ္စဖြစ်သလို မိဘပြည်သူများကိုလည်း အချိန်နဲ့တပြေးညီတင်ပြသွားမယ်လို့ United Resistance Force - URF က အသိပေးထားပါတယ်။


▪︎အင်အားအနည်းငယ်သာရှိတဲ့ KNLA တပ်စခန်းတစ်ခုကို စစ်ကောင်စီ ဝင်ရောက်စီးနင်း


ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (နယ်မြေရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး စခန်းရှိအဆောက်အဦးများကို မီးရှို့သွားတယ်လို့ KNU သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။ အဲဒီတပ်စခန်းမှာလူဦးရေ အနည်းငယ်သာရှိလို့ စစ်ကောင်စီတပ်နဲ့ အပြန်အလှန် တိုက်ပွဲဆင်နွှဲခြင်းမပြုဘဲ ဆုတ်ခွာခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ကလည်း ကြာကြာတပ်မစွဲဘဲ ဒီနေ့မှာ အဲဒီစခန်းကို ပူးပေါင်းတပ်ဖွဲ့က ပြန်လည်သိမ်းယူခဲ့တယ်လို့ ကရင်သတင်းဌာန KIC က ဖော်ပြပါ တယ်။


▪︎ပေါက်နယ် စစ်ကောင်စီတပ်စခန်းကို PDFများတိုက်ခိုက်


မကွေးတိုင်း၊ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ စစ်ကောင်စီတပ်စခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဒီနေ့မနက် စောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ​ဒေသခံများကပြောပါတယ်။ စစ်ကောင်စီဘက်မှအနည်းဆုံး တစ်ဦးသေဆုံးခဲ့ပြီး စခန်းသိမ်းခါနီးမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်တစ်စီးနဲ့ ခြောက်ကြိမ်တိုင်တိုင်လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံကာကွယ်ရေးတပ်များက ပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ PDF တစ်ဦးကပြောပါတယ်။ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပေါက်မြို့နယ်ရှိအဲဒီစစ်ကောင်စီစခန်းဟာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးများအထိုင်ချထားတာလို့ သိရပါတယ်။


▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ


စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ် တစ်နေရာမှာ သပိတ်အင်အားစုမှ တော်လှန်လူငယ်များက "လူကိုသာသတ်လို့ရမယ်တော်လှန်စိတ်ကိုသတ်လို့မရဘူးဘန်နာစာသားကို ကိုင်ဆောင်ကာ "မင်းတို့စစ်ဖိနပ်အောက်မှာ ငါတို့ဘယ်တော့မှဒူးမထောက်ဘူး "မုံရွာမြို့ကို လုံးဝအုပ်ချုပ်ခွင့်မရစေရ" "အရေးတော်ပုံအောင်ရမည်ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။


 ကလေးမြို့ပင်မသပိတ်ဟာ ကလေးမြို့စျေးတစ်ခုမှာ လူအင်အားအများအပြားနဲ့ “ညီညွတ်မှ ပြည်သစ်ရမယ် ဘုံရန်သူကို မမေ့ကြနဲ့” စာတန်းကိုင်စွဲပြီး စစ်အာဏာရှင်ကို ကန့်ကွက်သပိတ်မှောက်ခဲ့ကြပါတယ်။


ဘုတလင်မြို့နယ်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ် ဟောပြောပွဲ ကျင်းပခဲ့ပြီး မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ကိုခန့်ဝေဖြိုး၊ မုံရွာစီးပွားရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ မှ ကိုရှင်းသန့်နဲ့ ကိုသန့်ကုဋေအောင်တို့မှ ဖက်ဒရယ်အရေး၊ မကြောက်တရားနဲ့ ဖက်ဒရယ် ပညာရေးတို့ ဟောပြောခဲ့ကြပါတယ်။


ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတစ်ရွာမှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူများက "ငါတို့သည် ပြာပုံကိုမကြောက် စစ်ဖိနပ်အောက် ဒူးမထောက် ကြွေးကြော်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။


မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း နှစ်ငါးလုံး လူထုလှုပ်ရှားမှု ()နှစ်ပြည့်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို  အင်အားအများအပြားနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ပြည်သူများက "ပြည်သူ့နှလုံးမသိမ်းကျုံးလျှင်ပြည်သူ့ခွန်အားမကိုးစားလျှင် ဓားသွားလည်းကြွေ လှံလည်းခွေအံ့" "မတရားမှုမှန်သမျှ ခေါင်းငုံ့မခံ CDMထုနဲ့ပြည်သူ့အသံ" "ဖောက်ပြန်သူတို့ရွေးကောက်ပွဲ ပြည်သူ့အားနဲ့ဆန့်ကျင်ကြစတဲ့ စာသားပါဘန်နာများ ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။


တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စျေးတစ်ခုမှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ လူထုကို စစ်တပ်ထုတ်ကုန် မသုံးစွဲရေးနဲ့ စစ်ကောင်စီရဲ့ အခြေခံစီးပွားရေး ထောက်တိုင် ဖြိုချရေးစည်းရုံးလှုံ့ဆော်ကာ အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုမှာ စည်းရုံးဟောပြောခြင်း၊စည်းရုံးရေးစာစဉ်များဖြန့်ဝေခြင်း၊ PTTEP နဲ့ PTT အမှတ်တံဆိပ် အချောဆီများကို ဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြပါတယ်။



Comments

Popular posts from this blog

NUG၊ NUCC ၊ CRPH နှင့် PDF များကို ချေမှုန်းရေး စစ်ကောင်စီ၏ ၈ နာရီ နီးပါး ကြာသော သွေးပျက်ခြောက်ခြားနေသည့် လျှို့ဝှက်အစည်းအဝေး မှတ် တမ်းများ ရန်ကုန်ခေတ်သစ်က မကြာမီ ထုတ်ပြန်မည်

စစ်ကိုင်းနှင့် မကွေးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

အစွန်းရောက်အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က မြန်မာဘာသာဖြင့် သူ၏ တွစ်တာ လူမှုကွန်ရက်တွင် သတင်း ထုတ်ပြန်ထား

မကွေးခရိုင် PDF တပ်ရင်း ၁ တွင် ရဲဘော်များကို လစာ တချို့ပေးအပ်၊

ယင်းမာပင်နှင့် ဆားလင်းကြီး အစပ်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးကြီး မျိုးမြင့်အောင်၊ ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့

ခလရ ၂၆၉ နှင့် ခလရ ၂၆၆ မှ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံ၊ ခဲယမ်းများနှင့်အတူ အလင်းဝင်

စစ်ဘေးဒုက္ခသည် လေးသိန်းကျော်ကို NUG ထောက်ပံ့