နေအိမ်တွင် နေထိုင်ခြင်း မရှိသူများ၏ အမည်စာရင်းများအား သီးသန့်ပြုစုကာ ပြန်လည်တင်ပြရန် စစ်ကောင်စီမှလျှို့ဝှက်ညွှန်ကြားထား



မြန်မာနိုင်ငံအတွင်းရှိ ဒေသအများစုတွင် စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် ဇန်နဝါရီလ ၉ရက်နေ့မှ ၃၁ရက်နေ့အထိ လူဦးရေစာရင်းများ ကောက်ယူခဲ့ပြီးနောက် နေအိမ်အချို့တွင် အိမ်ထောင်စုစာရင်းတွင် အမည်ပါဝင်ပြီးနေအိမ်တွင် နေထိုင်ခြင်း မရှိသူများ၏ အမည်စာရင်းများအား သီးသန့်ပြုစုကာ ပြန်လည်တင်ပြရန် စစ်ကောင်စီမှလျှို့ဝှက်ညွှန်ကြားထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမည်မဖော်လိုသူ မြို့နယ်အဆင့် အရာရှိတစ်ဦးက ပြောသည်။

အိမ်ထောင်စုစာရင်းတွင် အမည်ပါဝင်သော်လည်း လူဦးရေစာရင်း ကောက်ယူသည့်အချိန်တွင် နေအိမ်များတွင်နေထိုင်ခြင်း မရှိသူများအား သီးသန့်စာရင်းပြုစုကာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ သဘောထားမှတ်ချက်၊ လဝကဝန်ထမ်းများ၏ သဘောထားမှတ်ချက်များနှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီ၏ ထောက်လှမ်းရေးအဖွဲ့များအား ပြန်လည် ပေးပို့ရန် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

စာရင်းကောက်ယူချိန်မှာ အိမ်မှာ မရှိတဲ့သူတွေကို အမည်၊မှတ်ပုံတင်၊မွေးသက္ကရာဇ်နဲ့ အဖအမည်တွေကို တွဲပြီးတော့ မှတ်တမ်းရေးရမယ် ပြီးရင် ဒါကို မြို့နယ်အလိုက် Excel ဖိုင်နဲ့ CDပါကူးယူပြီး ပြန်တင်ပြရမယ်လို့ ညွှန်ကြားထားတယ်” အမည်မဖော်လိုသူ မြို့နယ်အဆင့် လဝကအရာရှိတစ်ဦးက ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်းအတွင်း ဧည့်စာရင်းဖြင့် နေထိုင်သူများ၏ အချက်အလက်များကိုပါ သီးသန့်ပူးတွဲ တင်ပြရန်ကိုပါ ညွှန်ကြားထားကြောင်း သိရသည်။

ရန်ကုန်တိုင်းကတော့ ဧည့်စာရင်းနဲ့နေသူတွေကို အမည်နဲ့တင်ပြခိုင်းတယ် အချို့ရပ်ကွက်တွေကတော့ ဓာတ်ပုံတွေပါရိုက်ယူပြီး မှတ်တမ်းထားနေတယ်၊ အခြားဒေသတွေမှာလဲ လုပ်ဆောင်လား မလုပ်ဆောင်ဘူးလားဆိုတာ မသိဘူးဟု အဆိုပါ အရာရှိမှ ဆက်လက်ပြောကြားသည်။

ယင်းသို့ လုပ်ဆောင်မှုမှာ စစ်ကောင်စီမှ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများ၏ အချက်အလက်အသေးစိတ်များအား ရယူကာ မြို့နယ်အလိုက် စစ်ဆေးရေးဂိတ်များအား ဖြန့်ဝေကာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရန် ကြိုးပမ်းမှု တစ်ခုဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများမှ သုံးသပ်ထားသည်။

အရင်ထဲက သူတို့ ကွန်ပျူတာစနစ်နဲ့ မှတ်ပုံတင်တွေကို စစ်ဆေးဖို့ လုပ်ဆောင်နေတာကို ကြားထားတယ်  ဒီကောင်တွေ နယ်မြေမစိုးမိုးနိုင်သေးလို့ အကုန်မလုပ်နိုင်သေးတာ၊ အခု နိုင်ငံကူးလက်မှတ်တွေကို ပိတ်ထားတာလဲဒါတွေကို ပြင်ဆင်ချင်လို့နေမယ်၊ CDMတွေကို နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးမိပြီး လေဆိပ်ရောက်မှ ဖမ်းတာတွေက သူတို့စနစ်မှာ လိုအပ်ချက်တွေရှိနေလို့ပဲ၊ နယ်စပ်ဂိတ်တွေကနေ တရားဝင်ထွက်ခွာသွားတာတွေကို သူတို့ပိတ်ချင်တာလဲ ပါမယ်ဟု ရန်ကုန်မြို့တွင် တိမ်းရှောင်နေသူ CDM ဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။

လူဦးရေစာရင်းကောက်ယူရာတွင် တစ်နိုင်ငံလုံး ကောက်ယူရန် လျာထားသည့် အိမ်ထောင်စုများအနက် ၈၆ဒသမ၇ရာခိုင်နှုန်းအား ကောက်ယူနိုင်ခဲ့ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

ပုံစာညွှန်းစစ်ကောင်စီမှ လူဦးရေစာရင်းကောက်ယူခဲ့သည့် မြင်ကွင်း ပုံဟောင်း

cjplatform



Comments

Popular posts from this blog

စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ

Keppel Land သည် မြန်မာနိုင်ငံရှိ ဟိုတယ်စီမံကိန်းကို ကန်ဒေါ်လာ ၇၇ သန်းဖြင့် နုတ်ထွက်ခဲ့

မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ

တပ်မ ၃၃ ၊ တပ်မ၇၇ ဒရုန်းပစ်မှတ်များဖြစ်လာပါပြီ

နိုင်ငံခြားရေးဌာနက ညွှန်ချုပ်ဖြစ်သူ ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းလိုက်တယ်။

မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ

​" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုအထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "