အိန္ဒိယနိုင်ငံနဲ့ စစ်ကောင်စီ ဆက်ဆံရေး ပိုနီးကပ်လာ

အိန္ဒိယဟာ စစ်ကောင်စီကို ရေဒါနည်းပညာ၊ အဝေးထိန်း လေကြောင်းရန်ကာကွယ်ရေးလက်နက်၊ မောင်းပြန်ရိုင်ဖယ်အပါအဝင် လက်နက်ပစ္စည်းတွေ ရောင်းချပေးခဲ့တယ်လို့ India For Myanmar အဖွဲ့က ပြောပါတယ်။

2023-02-16 RFA



အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန် ဗနီမိုဟန်ကွာရာနှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ Myanmar Military


မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့အာဏာသိမ်းမှုအတွက် တာဝန်ရှိနေတဲ့ စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံနေတယ်လို့အိန္ဒိယအခြေစိုက် မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။

အာဏာသိမ်း နှစ်နှစ်အတွင်းမှာ အိန္ဒိယနိုင်ငံဟာ စစ်ကောင်စီကို လက်နက်ထောက်ပံ့မှု လေးကြိမ်ရှိခဲ့ပြီး၊၂၀၂၃ ခုနှစ် ဇန်နဝါရီလ  ရက်နေ့ကပြုလုပ်တဲ့ စစ်ကောင်စီရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကိုလည်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး ရှရီဗီနီကူးမာ (Shri Vinay Kumar) တက်ရောက်ခဲ့တယ်လို့ အိန္ဒိယရောက် မြန်မာနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်တဲ့ India for Myanmar အဖွဲ့က ပြောပါတယ်။

"ရုရှားတို့၊ တရုတ်တို့ကိုတောင် ကျော်လွန်ပြီးတော့မှ စကစကို အရမ်း နီးနီးကပ်ကပ်ဆက်ဆံတဲ့ ကမ္ဘာ့အကြီးဆုံးအိမ်နီးချင်း၊ ဒီမိုကရေစီနိုင်ငံဖြစ်နေတဲ့ အနေအထားဖြစ်တယ်

အိန္ဒိယနိုင်ငံက စစ်ကောင်စီကို အကျိုးစီးပွားအရ ဆက်ဆံနေပေမယ့် ကွန်မြူနစ်နိုင်ငံတွေ ဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့ထက် နီးကပ်မှုရှိနေတာ တွေ့ရတယ်လို့ India For Myanmar အဖွဲ့ရဲ့ တာဝန်ခံ ဆလိုင်းဒိုခါရ် က ပြောပါတယ်။

အာဏာမသိမ်းခင် အိန္ဒိယ ဆက်ဆံရေးပုံစံမျိုးအတိုင်းပဲ စကစကိုလည်း တရားဝင်အစိုးရပုံစံမျိုးနဲ့တောက်လျှောက်ဆက်ဆံခဲ့တာကို တွေ့ရတာပေါ့လေ။ ပြောရမယ်ဆိုရင် ရုရှားတို့၊ တရုတ်တို့ကိုတောင် ကျော်လွန်ပြီးတော့မှ စကစ ကို အရမ်း နီးနီးကပ်ကပ်ဆက်ဆံတဲ့ ကမ္ဘာ့အကြီးဆုံး၊ အိမ်နီးချင်း၊ ဒီမိုကရေစီ နိုင်ငံဖြစ်နေတဲ့အနေအထားဖြစ်တယ်

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် အိန္ဒိယရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ကနေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလနဲ့ ဇူလိုင်လမှာလည်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ရှရီဗီနီကူးမာ (Shri Vinay Kumar) က စစ်ကောင်စီ ဝန်ကြီးတွေဖြစ်တဲ့ ဦးကိုကိုလှိုင်၊ ဦးခင်ရီတို့နဲ့ တွေ့ဆုံပြီး ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာမှာ ကူညီဖို့ ဆွေးနွေးခဲ့သလို ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာလည်း အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန်ဗနီမိုဟန်ကွာရာ (Vinay Mohan Kwatra) က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ ဒီမိုကရေစီအင်အားစုတွေကို အားပေးထောက်ခံမှု မလုပ်တာဟာ အာဏာရပါတီအပေါ် မူတည်နေတာလို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ သဘာပတိ ဆလိုင်းကျုံးဘိခ်ထောင်း(Salai Ceu Bik Thawng) က ပြောပါတယ်။


“BJP (Bharatiya Janata Party) ပါတီကသာ ဗဟိုမှာ အစိုးရမဖွဲ့ဘဲနဲ့ Congress (Indian National Congress) ပါတီလိုမျိုးသာ အစိုးရဖြစ်ခဲ့မယ်ဆိုရင် ဒီထက် အများကြီးတော့ ကွာခြားမှာပဲ။ သူတို့ရဲ့ Foreign policies (နိုင်ငံခြားရေး မူဝါဒတွေကလည်း မတူဘူးလေ။ ၈၈ အရေးအခင်းတုန်းကဆိုရင် တော်လှန်ရေး အုပ်စုတွေကိုတရားဝင် ရပ်တည်ပေးခဲ့တယ်။ အဲဒီတုန်းက Congress ပါတီ ဖြစ်တာကိုး။ BJP ပါတီနဲ့ အခု မိုဒီရဲ့ နိုင်ငံရေးရပ်တည်ချက်ပေါ်မှာလည်းပဲ အများကြီးမူတည်တယ်လို့ ကျနော် ကတော့ မြင်တယ်

Bharatiya Janata Party ဟာ အမျိုးသားရေးနဲ့ ကွန်ဆာဗေးတစ် ပါတီတစ်ခုဖြစ်ပြီး Indian National Congress ပါတီကတော့ လစ်ဘရယ်ပါတီဖြစ်ပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ စစ်ကောင်စီကို မလိုလားပေမယ့် တရုတ်နိုင်ငံဘက် ပါမသွားစေဖို့နဲ့ သူတို့အကျိုးစီးပွားအတွက် စစ်ကောင်စီနဲ့ ဆက်ဆံနေတာလို့လည်း ဆလိုင်းကျုံးဘိခ် ထောင်း (Salai Ceu Bik Thaw) က ပြောပါတယ်။

အိန္ဒိယအစိုးရနဲ့ အိန္ဒိယကုမ္ပဏီတွေဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ၂၀၂၁ ခုနှစ်အတွင်း ရေဒါ နည်းပညာ၊ အဝေးထိန်းလေကြောင်းရန် ကာကွယ်ရေးလက်နက်၊ ၂၀၂၂ ခုနှစ်အတွင်း မောင်းပြန် ရိုင်ဖယ်နဲ့ စနိုက်ပါမှာတပ်ဆင်ရတဲ့ အပူပုံရိပ်ပေါ်မြင်ကွင်း၊ ဗုံးနဲ့ လက်နက်ကြီးမှာ သုံးတဲ့ စနက်တံတွေကို ရောင်းချပေးပို့ ခဲ့တယ်လို့India For Myanmar အဖွဲ့က ပြောပါတယ်။

အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒနဲ့ လုပ်ဆောင်ထားတဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းဟာလည်းရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် နှစ်နှစ်ဝန်းကျင် ရပ်တန့်နေခဲ့ပေမယ့် စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့အပစ်ရပ်ခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလ ကုန်မှာ ပြန်လည်စတင်လာခဲ့ပါတယ်။

ဒီစီမံကိန်းမှာ စစ်တွေဆိပ်ကမ်းနဲ့ ကုလားတန်မြစ်ကြောင်းကို တိုးချဲ့ရေး၊ ချင်းပြည်နယ် ပလက်ဝကနေ အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကို ကားလမ်းဖောက်ရေးအစီအစဉ်တွေ ပါဝင်နေပြီး ဒီစီမံကိန်းကို လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ အိန္ဒိယအရှေ့မြောက် ဒေသအတွက် ရည်ရွယ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက ဆောင်ရွက်နေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က တော့ အိန္ဒိယအစိုးရကိုတော်လှန်ရေးအင်အားစုတွေကသာ အကျိုးစီးပွားအာမခံချက် ပေးနိုင်မယ်လို့ ပြောပါတယ်။



မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ရှရီဗီနီကူးမာနှင့် စစ်ကောင်စီအဖွဲ့ဝင်များ ၂၀၂၂ ခုနှစ်၊ ဧပြီလ  ရက်နေ့က တွေ့ဆုံခဲ့စဉ်။ (Myanmar Military)


“NUG အစိုးရအနေနဲ့ ပြောချင်တာကတော့ အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံး အခိုင်မာဆုံးအာမခံချက်ပေးနိုင်တာကတော့ ကျနော်တို့ ပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ပါပဲ။ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိဖို့ အတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူလူထုရဲ့ဆန္ဒ အကောင်အထည်ဖော်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားအတွက်ကို အကောင်းဆုံးအာမခံပေးနိုင်မယ်ဆိုတာ ပြောကြားချင်ပါတယ်

စစ်ကောင်စီရဲ့ လေတပ်ဟာ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ဌာနချုပ်ကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ရာမှာ အိန္ဒိယနိုင်ငံ ဝေဟင်ပိုင်နက်ကို ဖြတ်ကျော်ခဲ့ပြီး မီဇိုရမ်ပြည်နယ်က ရွာတစ်ရွာမှာပါ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်အစိုးရကတော့ လက်နက်ကြီးကျရောက်တာ မရှိဘူးလို့ ငြင်းဆိုထားပြီး ဒီအတွက် တရားဝင်ကန့်ကွက်တာတွေ မရှိခဲ့ပါဘူး။

အခုလို အိန္ဒိယနိုင်ငံက စစ်ကောင်စီရဲ့ လုပ်ရက်ကို မျက်ကွယ်ပြုနေတာဟာ နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ လက်နက်ကိုင်တပ်တွေကို ပူးပေါင်းချေမှုန်းဖို့ ဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

၁၉၉၀ နောက်ပိုင်းက စပြီးတော့ အိန္ဒိယက မြန်မာ ဗဟိုအစိုးရနဲ့ နယ်စပ်မှာရှိတဲ့ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေကို သူတို့နယ်စပ်လုံခြုံ‌ရေးဆိုပြီး အကြောင်းပြ ပြီးတော့မှ ပူးပေါင်းနှိမ်နင်းရေးဆိုတဲ့ ပေါ်လစီကအသက်ရှင်နေသေးတယ်ပေါ့။ ကျနော် တို့ ဌာနချုပ်ကို လေယာဉ်နဲ့ အဲဒီလိုမျိုး သူတို့နိုင်ငံမှာ လေယာဉ်နဲ့ ဗုံးချတာတွေကို ‌ငြိမ်နေတယ်ပေါ့။ ဒေသအတွင်းမှာ ဘယ်လောက်ပဲလုပ်လုပ် သူကတော့ ပေါ်တင်ကြီးကို လုပ်နေတာဖြစ်တယ်။ ကျနော်ကတော့ အဲဒီလိုပဲ မြင်ပါတယ်

ဒီ CNF ဌာနချုပ် တိုက်ခိုက်ခံရမှုမှာ CNF တပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး လူနေအိမ်တွေနဲ့ အဆောက်အအုံတချို့ပျက်စီးခဲ့ပါတယ်။

CNF ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက်မှာ အိန္ဒိယနိုင်ငံက မြန်မာဘက်က စစ်ဘေး ဒုက္ခသည်တွေကို စစ်ဆေးမှုတင်းကျပ်လာတယ်လို့ မတူပီ ချင်းဒုက္ခသည်လူမှုအဖွဲ့အစည်း (Matupi Chin Refugee Community) ရဲ့ပြန်ကြားရေးတာဝန်ခံ အစ္စရေးထန်က ပြောပါ တယ်။

အိန္ဒိယနဲ့ စစ်ကောင်စီ ဆွေးနွေးပြီးကတည်းက ဖြစ်တာ။ အထူးသဖြင့် ပြောရမယ်ဆို ဝိတိုရိယ စခန်း ကို ပစ်ပြီးတဲ့နောက်ပိုင်းဆို ပိုဆိုးလာတာ။ နယ်စပ်ဒေသမှာပေါ့ မြန်မာပြည်ဘက်ကနေ အိန္ဒိယဘက် ကူးတဲ့အခါမှာ အဆင်မပြေတာတွေ အများကြီး ရှိတာပေါ့။ အစစ်အဆေး က တော်တော် များနေတယ်။ အခုနောက်ပိုင်းဆိုရင် မှတ်ပုံတင်သိမ်းတာတွေပါ ရှိလာတာပေါ့။ အမျိုးသားတွေကို စစ်ဆေးရင် ပုံမှန်ပေါ့။ ဒါပေမဲ့ အမျိုးသမီးတွေအတွက်ဆို အဆင်မပြေဘူး။ သူတို့က အသေးစိတ်ကို အကုန် စစ်နေတော့။ ကျနော်တို့ကို ဒုက္ခသည်ဆိုတဲ့ သဘောနဲ့ ကြိုက်သလိုကိုနှိပ်ကွပ်တာပေါ့။ အဲဒီလိုမျိုးတော့ ကြုံနေရတယ်ပေါ့



အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးဒုက္ခသည်ကလေးငယ်များအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းကတွေ့ရစဥ်။ (Photo: RFA)


မြန်မာ - အိန္ဒိယ နယ်စပ်ဂိတ်တွေကို အိန္ဒိယ ဗဟိုအစိုးရက ထိန်းချုပ်ထားပြီး အမျိုးသမီးတွေကို တစ်ကိုယ်လုံးအသေးစိတ် စစ်ဆေးနေတာဟာ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးတွေကိုလည်း ချိုးဖောက်ရာရောက် နေတယ်လို့ အစ္စရေးထန်က ပြောပါတယ်။

မြန်မာစစ်ဘေးဒုက္ခသည်တွေကို လူမျိုးတူတွေရှိရာ မီဇိုရမ်ပြည်နယ်အစိုးရက စောင့်ရှောက်ပေးထားပေမယ့်အိန္ဒိယဗဟိုအစိုးရက ကူညီတာမျိုး မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ဆန်းပိုင်းက အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲမှာ မြန်မာလူမျိုး ၁၀၀ ခန့်ကို အထောက်ထားမဲ့ ဆိုပြီး နေထိုင်တဲ့ ရွာတွေထဲအထိ လာရောက်ဖမ်းဆီးတာတွေ လည်း ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

အာဏာသိမ်း နှစ်နှစ်ပြည့်နေ့မှာလည်း မီဇိုရမ်ပြည်နယ်ထဲ အသံတိတ်လှုပ်ရှားမှုလုပ်မှာကို အိန္ဒိယဗဟိုအစိုးရကပိတ်ပင်ခဲ့ပါတယ်။

မြန်မာပြည်က စစ်ဘေးဒုက္ခသည်တွေဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်၊ မဏိပူရ်၊ နာဂလန်း စတဲ့ ပြည်နယ်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး စုစုပေါင်း လူဦးရေ ငါးသောင်းကျော် ရှိနိုင်တယ်လို့ မတူပီ ချင်းဒုက္ခသည်လူမှုအဖွဲ့အစည်း (MCRC) ရဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။

အခုလို စစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေတဲ့ အိန္ဒိယနိုင်ငံကို ဒီမိုကရေစီ အင်အားစုတွေဘက် ရပ်တည်လာစေဖို့အတွက် နိုင်ငံတကာက ဖိအားပေးမှသာ ရနိုင် မယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

Comments

Popular posts from this blog

မိန်းမပျိုများကို နေပြည်တော်ရှိ စစ်ကောင်စီတပ်မှ အရာရှိများအား ပြုစုရန် အဓမ္မ စေလွှတ်ခံနေရ

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ပဲခူးတိုင်း မြို့နယ်အချို့တွင် စစ်ကောင်စီက VPN စစ်ဆေးမှုအကြောင်းပြ ငွေညှစ်နေ

အလုံမြို့နယ်တွင် စစ်ကောင်စီတပ်က အသက် ၄ နှစ်အရွယ် ကလေးငယ်ကို မူကြိုကျောင်းအတွင်း ဝင်ရောက် ဖမ်းဆီး

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်