ပို့ကုန်သွင်းကုန်သမားများနှင့် ဘဏ်များကို တင်းကျပ်ရန် ဗဟိုဘဏ်စိုင်းပြင်း


ကောလာဟလသတင်းတွေကြောင့် ပို့ကုန်၊ သွင်းကုန်သမားတွေနဲ့ ပုဂ္ဂလိကဘဏ်တွေက နိုင်ငံခြား ငွေလဲလှယ်နှုန်းမြင့်တက်လာအောင် ဆောင်ရွက်နေတာကို သံသယဖြစ်ဖွယ် တွေ့ရှိရတယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

DVB

ဒီလိုလုပ်ဆောင်နေတာကို ဘဏ်တွေက ဝင်ရောက် ထိန်းကျောင်းပေးဖို့နဲ့ ဒေါ်လာစျေး ဆွဲတင်နေတဲ့ ပို့ကုန်၊သွင်းကုန်သမားတွေကို ဖော်ထုတ်ပေးဖို့ကိုလည်း စစ်ကောင်စီ ဗဟိုဘဏ်က ဘဏ်တွေကို ညွှန်ကြားထားတာပါ။

ဝင်ရောက် ထိန်းကျောင်းပေးတာမရှိတဲ့ ဘဏ်တွေကို အရေးယူသွားမယ်လို့ ဗဟိုဘဏ်က သတိပေးထားပြီး ဒေါ်လာစျေး ဆွဲတင်နေတယ်လို့ ဖော်ထုတ်ရရှိတဲ့ ပို့ကုန်၊ သွင်းကုန်သမားတွေကို လည်း အရေးယူသွားမယ်လို့ ဆိုပါတယ်။


မြန်မာပြည်တွင်း မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှန်းဟာ ၂၀၂၃ နှစ်စပိုင်းက စပြီး တရိပ်ရိပ် ပြန်လည်မြင့်တက်လာခဲ့တာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ နှောင်းပိုင်းမှာ တစ်ဒေါ်လာကို ၂၈၄၀ ကျပ် ဝန်းကျင်မှာရှိခဲ့ပြီး ဇန်နဝါရီလ ဒုတိယပတ်မှာတော့ ဒေါ်လာစျေးဟာ ,၈၈၀ ကျပ် ထိ မြင့်တက်ခဲ့ပါတယ်။

ဇန်နဝါရီလကုန်ပိုင်းမှာတော့ ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေက ပြင်ပစျေးကွက်နဲ့အပြိုင် ဈေးပေး ဝယ်ယူနေတာကြောင့် ဒေါ်လာဈေး ပြန်တက်လာတာလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အခုလ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ပြင်ပဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာဈေးက တစ်ဒေါ်လာကို ၂၈၆၅ ကျပ်ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နေတာပါ။

စစ်ကောင်စီ ဗဟိုဘဏ်က ပြည်ပပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်း ၂၁၀၀ ကျပ်နဲ့ ကျပ်ငွေ မဖြစ်မနေ လဲစေပြီး ၃၅ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေးနဲ့ လွှဲပြောင်း ရောင်းချခွင့်ရှိတယ်လို့ သတ်မှတ်ထုတ်ပြန်ထားပါတယ်။

အဲဒီ ပို့ကုန်ရငွေ မူဝါဒကြောင့် ပြည်ပပို့ကုန်တွေ နိုင်ငံတကာဈေးကွက်နဲ့ ယှဉ်ရောင်းချရာမှာ အခက်အခဲ ဖြစ်စေတယ် ပို့ကုန်လုပ်ငန်းရှင်တွေက ထောက်ပြနေကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပို့ကုန်ရငွေနဲ့သာ သွင်းကုန်တင်သွင်းတဲ့စနစ်ကို ချမှတ်ထားပြီး သွင်းကုန်တွေကို ရနိုင်သမျှ ပိတ်ဆို့ကန့်သတ်ထားပါတယ်။

သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက “သွင်းကုန်လိုင်စင်ရဖို့ တော်တော်ကြာတယ်။ ပို့ကုန်၊ သွင်းကုန် မျှအောင် ချမပေးတာလားတော့ မသိဘူး။ ကုန်ပစ္စည်းပြတ်တော့ စားသုံးသူပဲ နစ်နာတယ်။ ရေရှည်မှာ အခုလို တင်းကျပ်ထားတာအလုပ်မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။ 

Comments

Popular posts from this blog

“ယူကရိန်း အတွက် လေယာဥ်တွေပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက်အကောင်အထည် ဖော်ဖို့ခက်

အာဆီယမ် အမေရိကန်ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း

နေဝင်းစတိုင်ဖမ်းလာတဲ့သောင်းလှိုင်သား

အပစ်ရပ် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမည်

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

မြန်မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ်မတ််ရပ်တည်ကြောင်း အီးယူထုတ်ပြန်

အသံတိတ်လူသတ်သမားတွေ