တော်လှန်ရေးခရီးထွင်ရန် မဟာမိတ်များနှင့် ပေါင်းကူးဆက်ဆံရေး အခရာကျဟု NUG ဝန်ကြီးချုပ်ပြော



lusane | 16 February, 2023

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လျှောက်လှမ်းနေတဲ့ တော်လှန်ရေးလမ်းမှာ ခရီးတွင်ဖို့ဆိုရင် မဟာမိတ်တွေနဲ့ ခိုင်မြဲတဲ့ ပေါင်းကူးဆက်ဆံရေးဟာ အခရာကျတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။  

ဖေဖော်ဝါရီ ၁၆ ဒီကနေ့ ပြုလုပ်တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး ကော်မတီမအနေနဲ့ မဟာမိတ်တွေနဲ့ အခါအားလျော်စွာ တွေ့ဆုံတဲ့အစည်းအဝေးတိုင်းမှာ ပေါင်းစပ်လုပ်ဆောင်မှု အားကောင်းနေတဲ့ ကဏ္ဍတွေဖြစ်တဲ့ လူသားစာနာကဏ္ဍ၊ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေရဲ့ စုစုစည်းစည်း လုပ်ဆောင်နိုင်မှုအတွက် ကောင်းမွန်တဲ့ မှတ်ချက်ပြုမှုတွေလည်း အမြဲကြားရတာမို့ မဟာမိတ် တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်ဆံရေးတွေ ပိုပြီးကောင်းလာအောင် အဓိကဆောင်ရွက်ပေးနေကြတဲ့ သက်ဆိုင်ရာဌာနများက တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်တယ်လို့လည်းပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။  

အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းပြည်အခြေအနေကို သူတို့ထိန်းချုပ်လို့မရတော့မှန်း သိလာ တဲ့အခါ ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းနဲ့ တိုင်းပြည်ကို ကစဉ့်ကလျားဖြစ်အောင် လက်နက်ခဲ ယမ်းကိုင် ဆောင်ခွင့်မူကို ထုတ်ပြန်ပြီး ပြည်သူများအကြားမှာ စိတ်နှလုံးမငြိမ်းချမ်းရအောင် ပိုပြီး ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ကျနော်တို့အနေနဲ့ ပြည်သူကို ပိုပြီးအကာ အကွယ်ပေးနိုင်ဖို့ နည်းလမ်းတွေကို စဉ်းစားကြရတော့မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဆိုတာ နယ်မြေစိုးမိုးမှုနဲ့ တိုက်ရိုက်အချိုးကျတာကြောင့်နယ်မြေစိုးမိုးနိုင်မှု၊ တည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်နိုင်မှုတွေကိုလည်း ပိုတိုးပြီးဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုမှာ အထောက်အကူ ဖြစ်စေဖို့ ထုတ်ပြန်ထားတဲ့ လုပ်ငန်းလက်စွဲတွေမှာပါဝင်တဲ့ မူဝါဒတွေဟာ မြေပြင်နဲ့ ကိုက်ညီပြီး လက်တွေ့ကျဖို့ အထူးလိုအပ်မှာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုပါတယ်။

အုပ်ချုပ်ရေးလုပ်ငန်းဆိုတာ နေရာဒေသတခုနဲ့တခု ထပ်တူကျတာမျိုး ဘယ်တော့မှရှိမှာ မဟုတ်တဲ့အတွက် အခုလို တော်လှန်ရေး အချိန်ကာလမျိုးမှာ သူ့အရပ်နဲ့သူ့ဇာတ် လုပ်သာကိုင်သာရှိစေမယ့်၊ မြေပြင်မှာအကောင်အထည်ဖော်မှု ပိုမိုအဆင်ပြေစေမယ့် မူဝါဒတွေကို ကျနော်တို့ရဲ့ ကော်မတီဝင် ဝန်ကြီးဌာနတွေဘက်ကရေးဆွဲချမှတ်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကျနော်တို့ ကော်မတီဟာ မြေပြင်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံမှုအပြင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီတွေ၊ ပြည်နယ်အတိုင်ပင်ခံကောင်စီတွေနဲ့လည်းလစဉ်ပုံ မှန်တွေ့ဆုံမှုတွေ ဆောင်ရွက်နေရတဲ့အတွက် မဟာမိတ်ဆက်ဆံရေးကို ထူထောင်တဲ့ လမ်းတံတား လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လျှောက်လှမ်းနေတဲ့ တော်လှန်ရေးလမ်းမှာခရီးတွင်ဖို့ဆိုရင် မဟာမိတ်များနဲ့ ခိုင်မြဲတဲ့ ပေါင်းကူးဆက်ဆံရေးဟာ အခရာကျပါတယ်။

NUG အစိုးရဟာ တော်လှန်ရေး ကာလအတွက်ပဲ တာဝန်ရှိတာမဟုတ်ဘဲ တော်လှန်ရေးအလွန်ကာလပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ကြတဲ့အခါမှာလည်း ဆက်လက်တာဝန်ယူကြမယ့် အသွင်ကူးပြောင်းရေးကာလ တာဝန်ရှိသူတွေ အဆင်ပြေစွာ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နိုင်ဖို့ပါ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြဖို့ တာဝန်ရှိတာကြောင့် ကော်မတီဝင် ဝန်ကြီးဌာနတွေရော အစိုးရ အဖွဲ့ဝင်တွေရော အားလုံးကထက်မြက်တဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေနဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိကြဖို့ အထူးလိုအပ်မှာဖြစ်ကြောင်းနဲ့၂၀၂၃ ခုနှစ်မှာတော့ စစ်အာဏာရှင်စနစ် တကြိမ်တည်းအပြီး အမြစ်ဖြတ်နိုင်ဖို့ ဝိုင်းဝန်း အားထုတ်ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံးမထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။


Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️